နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံသူ နိုင်ငံသားများ၏ ပညာတတ်မြောက်မှု၊ အရည်အသွေးမြင့်မားမှုအပေါ်တွင် အဓိကတည်မှီနေသည်။ အရည်အသွေး ပြည့်ဝပြီး စဉ်းစားတွေးခေါ်မှုအားကောင်းသည့် ထူးချွန်ထက်မြက်သော လူ့စွမ်းအား အရင်းအမြစ်များ နိုင်ငံအတွင်းပေါများမှသာ နိုင်ငံတည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ပြီး ပြည်သူများ လူမှုစီးပွားဘဝမြင့်မား တိုးတက်လာအောင် အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။
အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ပေါများရန်အတွက် မွေးထုတ်ပေးရာတွင် ပညာရေး ဝန်းကျင်ကောင်းများနှင့် မိဘနှင့်ဆရာကောင်းများရှိရန်လိုအပ်သည်။ ပညာရေးဝန်းကျင်ကောင်းများကို နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်ပေးနေပြီဖြစ်သည်။ ဆရာများအနေဖြင့် တပည့်များ ပညာထူးချွန်ရေးသာမက စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပြည့်ဝသည့် နိုင်ငံ့အကျိုးသယ်ပိုးထမ်းဆောင်မည့် သားကောင်းရတနာများ ဖြစ်ပေါ်လာအောင် လေ့ကျင့်ပျိုးထောင်ပေးရမည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားအများစုသည် ပညာကိုပြီးဆုံးအောင်သင်ယူခြင်းမရှိဘဲ အသက်အရွယ်အလိုက်၊ အတန်းအလိုက် ကျောင်းထွက်ခဲ့ကြသဖြင့် မြန်မာနိုင်ငံတွင် ပညာတတ်များ အားနည်းလျက်ရှိသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်စေ ရေးတွင် ပညာတတ်များ ပေါများရန်လိုအပ်သဖြင့် နိုင်ငံတော်အစိုးရက ကျောင်းနေ အရွယ် ကလေးလူငယ်အားလုံး ပညာသင်ယူခွင့်ရရှိရေးနှင့် အနည်းဆုံး အလယ်တန်း ပညာ KG+9 ပြီးဆုံးသည်အထိ ကျောင်းတက်ရောက်နိုင်ရေးအတွက် အခမဲ့ပညာရေးစနစ်နှင့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ပေးလျက်ရှိသည်။ အဆိုပါရည်မှန်းချက်များ အောင်မြင်မှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတည်ဆောက်ရေးအတွက် လိုအပ်သောလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ် ပေးနိုင်မည်ဖြစ်သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသူ နိုင်ငံသားများ၏ ဉာဏစွမ်းရည် မြင့်မားလာအောင် ပြုစုပျိုးထောင်ပေးရမည် ဖြစ်သည်။ နိုင်ငံသူ နိုင်ငံသားများ ဉာဏ်ရည်ဉာဏ်သွေးတိုးတက်ရေးကို အလေးထားဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေသည်။ ပြည်သူများ၏ အခြေခံဘဝအခြေအနေအရ အသိပညာနှင့် အတတ်ပညာမျှတစွာ ဆောင်ရွက်ပေးမှသာ အဆင်ပြေချောမွေ့မည်ဖြစ်သည်။ ထို့ကြောင့် KG+9 ပြီးဆုံးသည့်အခါ လုပ်ငန်းခွင်သို့ဝင်နိုင်မည့် အသက်မွေးဝမ်းကျောင်းပညာများကို ဆက်လက်သင်ကြားနိုင်အောင် ဖန်တီးပေးထားသည်။
နိုင်ငံတော်က ဆောင်ရွက်ပေးနေသည့် ပညာရေးဆိုင်ရာ အမျိုးသားရေးလုပ်ငန်းစဉ်ကြီးသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ကြီးဖြစ်၍ ပညာရေးဆိုင်ရာများသာမက နိုင်ငံသူ နိုင်ငံသားအားလုံး အမျိုးသားရေးအသိဖြင့် ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြမှသာ လုပ်ငန်းစဉ်ကြီးအောင်မြင်ပြီး ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ်သို့ တက်လှမ်းနိုင်မည်ဖြစ်သည်။ ပညာရေး လုပ်ငန်းစဉ်ကြီး အောင်မြင်စေရန် နိုင်ငံတော်အစိုးရက ဘက်ပေါင်းစုံမှ အားပေးကူညီ ထောက်ပံ့ပေးလျက်ရှိသည်။ စိတ်ရှည် သည်းခံ၊ ဇွဲသန်သန်ဖြင့် အပင်ပန်းအနစ်နာခံကာ ကြိုးပမ်းဆောင်ရွက်ကြမှသာ အောင်မြင်မည်ဖြစ်သည်။ နိုင်ငံတော်ကို တည်ဆောက်သူများဖြစ်လာကြမည့် ပညာပြည့်ဝနှလုံးလှသော လူငယ်လူရွယ်များကို လေ့ကျင့်ပျိုးထောင်ပေးရန်မှာ နိုင်ငံသား တိုင်းတွင် တာဝန်ရှိသည်ဟု အလေးအနက်ခံယူပြီး လုပ်ဆောင်ရန်လိုအပ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေး လုပ်ငန်းစဉ်အဖြစ် အကောင်အထည်ဖော်လျက်ရှိသည်။ တိုင်းပြည်သာယာဝပြောရေးဆိုသည်မှာ ပြည်သူပြည်သားများအားလုံး တရားဥပဒေစိုးမိုးမှုအောက်တွင် အေးချမ်းစွာနေထိုင်နိုင်ခြင်း၊ အေးချမ်းစွာပညာ သင်ကြားနိုင်ခြင်း၊ အေးချမ်းစွာအလုပ်အကိုင်များ လုပ်ကိုင်နိုင်ခြင်းတို့ဖြစ်သည်။ လက်ရှိတွင် တိုင်းရင်းသားဒေသအချို့၌ အေးချမ်းစွာမနေရခြင်း၊ ကောင်းမွန်စွာ အလုပ်မလုပ်ရခြင်း၊ ပညာမသင်ရခြင်း စသည့်အခက်အခဲများနှင့် ကြုံတွေ့နေရသည်။ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ ထိခိုက်လျက်ရှိသည်။ အထူးသဖြင့် ဒေသခံကလေးသူငယ် လူငယ်လူရွယ်များ ပညာ သင်ယူခွင့်ဆုံးရှုံးလျက်ရှိသဖြင့် တိုင်းရင်းသားဒေသများ၏ အနာဂတ်များ မျှော်လင့် ချက်မဲ့သလိုဖြစ်နေသည်။
သို့ဖြစ်ရာ ဒေသဖွံ့ဖြိုးတိုးတက်လာအောင် တည်ဆောက်ပေးကြမည့်သူများသည် ဒေသခံတိုင်းရင်းသားပြည်သူများသာ ဖြစ်၍ မိမိဒေသကို မပျက်စီးစေဘဲ ကောင်းမွန်အောင် တည်ဆောက်သူများဖြစ်လာကြမည့် ပညာပြည့်ဝနှလုံးလှသူ လူငယ်လူရွယ်များပြုစုပျိုးထောင်ရေးကို နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်ဟု အလေးအနက်ခံယူပြီး ပညာရေးကဏ္ဍကို ဝိုင်းဝန်းမြှင့်တင်တည်ဆောက်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
ကြေးမုံ