အမျိုးသားရေးရန်စွယ် ဝိုင်းဝန်းတိုက်ဖျက်

၂၈ ဇွန်

 

ကမ္ဘာ့လူဦးရေ၏ ၅ ဒသမ ၆ ရာခိုင်နှုန်းဖြစ်သည့် လူ ၂၇၅ သန်းသည်တစ်နှစ်အတွင်း မူးယစ်ဆေးဝါးအနည်းဆုံးတစ်ကြိမ် သုံးစွဲဖူးသူများဖြစ်ပြီး လူဦးရေ ၃၁ သန်းသည် မဖြစ်မနေဆေးကုသရန် လိုအပ်သူများဖြစ်သည်။ မူးယစ်ဆေးဝါးပြဿနာသည် ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး၊ အခြေခံစီးပွားရေးကို ထိခိုက်စေပြီး နိုင်ငံအတွင်း အကြမ်းဖက်မှု၊ ငွေကြေးခဝါချမှု၊ တရားမဝင်ငွေကြေးစီးဆင်းမှု၊ အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှုများနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများကို  ဖြစ်ပေါ်စေပြီး  တစ်ဖက်တွင် မူးယစ်ဆေးဝါးမှ ရရှိလာသော ငွေကြေးများကြောင့် လက်နက်ကိုင်ပဋိပက္ခများ၊ အကြမ်းဖက်တိုက်ခိုက်မှုများပါ ဆက်စပ်ဖြစ်ပေါ်စေခဲ့သည်။

 

မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ် ဇွန်လ ၂၆ ရက်အပြည်ပြည်ဆိုင်ရာ     မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်    တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့  အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က “ဒီကနေ့ ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ်နဲ့ မူးယစ်ဆေးဝါးအန္တရာယ်ကို မတိုက်ဖျက်နိုင်ဘူးဆိုရင် နောင်လာမယ့် ဆယ်စုနှစ်အတွင်းမှာ  ကျွန်တော်တို့နိုင်ငံရဲ့  အနေအထားဟာ  မတွေးဝံ့စရာ အခြေအနေကို ဆိုက်ရောက်လာနိုင်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို  ဖြည်းဖြည်းချင်းဝါးမျိုပြီး ကျွန်တော်တို့ရဲ့ လူငယ်တွေကို အညွန့်ချိုးနေတဲ့၊  ကျွန်တော်တို့နိုင်ငံရဲ့ဂုဏ်သိက္ခာနဲ့  အနာဂတ်ကို  ဖြည်းဖြည်းချင်း  ချေမှုန်းနေတဲ့ ဒီမူးယစ်ဆေးဝါးအန္တရာယ်ကို  ကျွန်တော်တို့အားလုံး ပြည်သူနဲ့အတူစုပေါင်းပြီး နှိမ်နင်းကြဖို့ အထူးအလေးအနက်ထား တိုက်တွန်းပြောကြားလိုပါတယ်” ဟု ပြောကြားခဲ့သည်။

 

မူးယစ်ဆေးဝါးပြဿနာကို အစိုးရအဆက်ဆက်လက်ထက်များ ကတည်းက တိုက်ဖျက်နှိမ်နင်းလျက်ရှိသော်လည်း ယုတ်လျော့သွားခြင်း မရှိဘဲ တစ်စတစ်စ ကြီးမားကျယ်ပြန့်လာသည်ကို တွေ့ရမည်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ လူ့အဖွဲ့အစည်းများအတွင်း ပဋိပက္ခများကြီးထွားလာချိန်တွင် လူတို့၏စိတ်ကို လှုပ်ကိုင်ပြောင်းလဲစေနိုင်သော မူးယစ်ဆေးဝါးများအား အထက်တွင်ဆိုသကဲ့သို့ ငွေကြေးအဖြစ်လည်းကောင်း၊ လက်နက်အဖြစ်လည်းကောင်း ထိရောက်စွာအသုံးချလာကြရာ ယင်းပြဿနာမှာ ယုတ်လျော့မသွားဘဲ တစ်စတစ်စ ကြီးမားကျယ်ပြန့်နေသည်။

 

အစောပိုင်းက ဘိန်း၊ ဘိန်းဖြူ ရောင်းဝယ်ဖြန့်ဖြူးမှုမှ ယခုအခါ စိတ်ပြောင်းဆေးဝါးများ ထုတ်လုပ်မှုအဖြစ် မြင့်တက်လာသည်ကိုတွေ့ရသည်။ စိတ်ကြွရူးသွပ်ဆေးပြား၊  အိုက်စ်နှင့် မူးယစ်ဆေးဝါးများ  ထုတ်လုပ်ရာတွင်  အဓိကကုန်ကြမ်းအဖြစ်အသုံးပြုသည့် အစပျိုးဓာတုပစ္စည်း အမြောက်အမြားကို အိမ်နီးချင်းနိုင်ငံ နယ်စပ်များမှတစ်ဆင့် သယ်ဆောင်ရောင်းဝယ်ကြသည်ကို ဖမ်းဆီးရမိမှုများက သက်သေပြနေသည်။ ထိုသို့ရှာဖွေဖမ်းဆီးတိုက်ဖျက်နေသော်လည်း ခိုးဝှက်သယ်ဆောင်မှုများ ရှိနေဆဲဖြစ်သောကြောင့် ထုတ်လုပ်မှုများ မြင့်တက်နေသလို အလွယ်တကူရောင်းဝယ်ဖောက်ကားမှုများလည်း ကျယ်ကျယ်ပြန့်ပြန့်ရှိနေသည်။

 

ထို့ကြောင့် မကောင်းမှုဒုစရိုက်ကျူးလွန်သူများနှင့် လူငယ်လူရွယ်များအကြားတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား သုံးစွဲမှုနှုန်းများ မြင့်မားလာသည်နှင့်အတူ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊  ပြည်သူလူထုအတွင်း စာရိတ္တမဏ္ဍိုင် ယိမ်းယိုင်လာမှုနှင့် ရာဇဝတ်မှုခင်းများ တိုးပွားလာမှု စသည့်မကောင်းမှုများ များပြားနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် လူငယ်လူရွယ်များ၏အညွန့်ကို နင်းချေဖျက်ဆီးပစ်နိုင်သော မူးယစ်ဆေးဝါးအန္တရာယ်မှာ တစ်စတစ်စကြီးမားလာပြီး နောင်လာမည့်ဆယ်စုနှစ်ကာလများတွင် မြန်မာနိုင်ငံအတွက် ရင်လေးစရာ၊ မတွေးဝံ့စရာ ဖြစ်လာနိုင်သည်ကို ပြည်သူအားလုံးက သတိချပ်ရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ နိုင်ငံတော်သမ္မတကြီး လမ်းညွှန်သည့်အတိုင်း မူးယစ်ဆေးဝါးပြဿနာကို  အမျိုးသားရေးတာဝန်ကြီးတစ်ရပ်အဖြစ် ခံယူပြီး တာဝန်ရှိသူများအားလုံး ပြည်သူနှင့်အတူ ဝိုင်းဝန်းလက်တွဲကာ ပြင်းပြင်းထန်ထန် တိုက်ဖျက်နှိမ်နင်းကြရမည်ဖြစ်ပါကြောင်း။     

 

ကြေးမုံ