နေပြည်တော် ဧပြီ ၁၁

အမျိုးသားရေဥပဒေ ဒုတိယမူကြမ်း အချောသတ် ဆွေးနွေးအတည်ပြုရန်နှင့် ရှေ့လုပ်ငန်း စဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးရန် အမျိုးသားရေဥပဒေ ရေးဆွဲပြုစုရေး လုပ်ငန်း ကော်မတီ၏ (၁/၂၀၂၄) ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ၊ရေနှင့်ဆက်နွယ်သည့် ဝန်ကြီးဌာနများနှင့် စည်ပင်သာယာရေး ကော်မတီများမှ အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ အမျိုးသားရေဥပဒေ ရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း က အမျိုးသားရေဥပဒေ ရေးဆွဲပြုစုရေး ဗဟိုကော်မတီ၏ (၁/၂၀၂၄) ညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးအကြံပြုချက်များ၊ ဝန်ကြီးဌာနအဖွဲ့အစည်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များ၏ အကြံပြုချက်များကို ပေါင်းစပ်ညှိနှိုင်းကာ အမျိုးသားရေဥပဒေ ဒုတိယမူကြမ်းကို အချောသတ် ရေးဆွဲပြီးဖြစ်၍ ယနေ့အစည်းအဝေးတွင် ဆွေးနွေး အတည်ပြု သွားမည် ဖြစ်ကြောင်း၊ အတည်ပြုပြီး ရရှိလာမည့် အမျိုးသားရေဥပဒေ တတိယမူကြမ်းကို ရေနှင့် ဆက်နွယ်သည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများထံပေးပို့ကာ အကြံပြုချက်နှင့် သဘောထား မှတ်ချက်များရယူပြီး ဥပဒေ အတည်ပြု ပြဋ္ဌာန်းနိုင်ရေးအတွက် အဆင့်ဆင့် ဆက်လက် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ နိုင်ငံ၏ ရေကဏ္ဍ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါပြီး လိုအပ်ချက် တစ်ခုဖြစ်သည့် အမျိုးသား ရေဥပဒေတစ်ရပ် ပေါ်ပေါက်ရေးအတွက် အမျိုးသားရေဥပဒေ ရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီဝင်များအနေဖြင့် တတ်စွမ်းသမျှ ဆက်လက်ပူးပေါင်း ပံ့ပိုးကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး(၁)၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်က အမျိုးသား ရေဥပဒေမူကြမ်း ရေးဆွဲရေးနှင့်စပ်လျဉ်းသည့် နောက်ခံသမိုင်း၊ အမျိုးသားရေဥပဒေ ဒုတိယမူကြမ်း/ချောနှင့် ရှေ့လုပ်ငန်းစဉ် လျာထားချက်များကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် အမျိုးသားရေဥပဒေရေးဆွဲ ပြုစုရေး လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများက အမျိုးသား ရေဥပဒေ ဒုတိယ မူကြမ်း/ချောအပေါ် ပြင်ဆင်လိုသော အချက်များ၊ ထပ်မံ ဖြည့်စွက်လိုသော အချက်များ၊ ပြုပြင်လိုသော စကားရပ် များနှင့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြပြီး ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသေးစိတ်ညှိနှိုင်းဆွေးနွေး အတည်ပြုခဲ့ကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်