နေပြည်တော် ဩဂုတ် ၂၉
အမျိုးသားရေဥပဒေ တတိယမူကြမ်းကို ဆွေးနွေးတည်းဖြတ်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးရန် အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီ၏ (၂/၂၀၂၄) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၂၉) အစည်းဝေးခန်းမ၌ ကျင်းပရာ အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း တက်ရောက်သည်။
အစည်းအဝေးသို့ ရေနှင့် ဆက်နွယ်သည့် ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနများနှင့် စည်ပင်သာယာရေးကော်မတီများမှ အမျိုးသားရေဥပဒေ ရေးဆွဲပြုစုရေးလုပ်ငန်းကော်မတီဝင်များနှင့် ဆက်စပ်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ယနေ့အစည်းအဝေး တွင် အမျိုးသားရေဥပဒေ တတိယမူကြမ်းအပေါ် ဝန်ကြီးဌာန/ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များထံမှ ပြန်ကြားလာသည့် သဘောထားမှတ်ချက်များအရ မိမိတို့နိုင်ငံတွင် လက်တွေ့ကျင့်သုံးနိုင်မည့် အခြေအနေများ၊ နိုင်ငံတော်၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် ပုဒ်မ၊ ပုဒ်မခွဲ တစ်ခုချင်းစီအလိုက် အသေးစိတ် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း၊ အမျိုးသားရေဥပဒေ တတိယမူကြမ်းကို အချောသတ်ပြုစုပြီးပါက မိမိတို့နိုင်ငံနှင့် အကောင်းဆုံး၊ အသင့်လျော်ဆုံးဖြစ်မည့် ရေဥပဒေတစ်ရပ်ကို အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် လုပ်ငန်းစဉ်များအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံ၏ ရေကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် လိုအပ်ချက်တစ်ခုဖြစ်သည့် အမျိုးသားရေဥပဒေတစ်ရပ် ပေါ်ပေါက်ရန် အမျိုးသားရေဥပဒေရေးဆွဲပြုစုရေးလုပ်ငန်း ကော်မတီဝင်များအနေဖြင့် တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး(၁)၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်က အမျိုးသားရေဥပဒေရေးဆွဲရေး ဆောင်ရွက်ထားရှိမှုများ၊ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုများနှင့် ရှေ့လုပ်ငန်းစဉ် လျာထားချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီဝင်များနှင့် ဆက်စပ်အဖွဲ့အစည်းများမှ အစည်းအဝေးတက်ရောက်သူများက အမျိုးသားရေဥပဒေ တတိယမူကြမ်းအပေါ် ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


