နေပြည်တော် မေ ၉
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအောက်ရှိ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ(၂) နာရီတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ဒုတိယဥက္ကဋ္ဌ (၁) ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနနှင့် ကော်မတီ အဖွဲ့ဝင်များ ပါဝင်တက်ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ဘင်္ဂလားပင်လယ်အော်၌ မကြာမီဖြစ်ပေါ်လာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနိုင်ငံအတွင်း ဖြတ်ကျော်ဝင်ရောက်နိုင်မှု အခြေအနေအပေါ် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သော ဒေသများတွင် မိမိတို့ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီနှင့် သက်ဆိုင်သည့်ကိစ္စရပ်များ ထိရောက်စွာ စီမံဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းအစည်း အဝေး ခေါ်ယူခြင်းဖြစ်ကြောင်း၊ မေ ၆ ရက်တွင် ကျင်းပခဲ့သည့် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အရေးပေါ် အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ က မုန်တိုင်းမဝင်ရောက်မီ ပြင်ဆင်သည့်လုပ်ငန်းများ၊ ရွှေ့ပြောင်းသည့်လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးတွင် အသုံးပြုမည့်ပစ္စည်းများ၊ ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများ၊ အစားအသောက်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ စသည်တို့ကို ယခုကတည်းက တည်မြဲအမိန့်ပါအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ရှိသည့် သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့များ ပေါင်းစပ်ကာ တာဝန်များခွဲဝေ၍ စီမံဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း လမ်းညွှန်မှုပြုထားပြီးဖြစ်ရာ မုန်တိုင်းဝင်ရောက်နိုင်သည့် ဒေသများတွင် ဆက်သွယ်မှု မပြတ်တောက်စေရေးအတွက် အင်တာနက်နှင့် တယ်လီဖုန်းအသုံးပြုနိုင်သော ဂြိုလ်တုဆက်သွယ်ရေးစနစ်များနှင့် ရွေ့လျားမိုဘိုင်းတာဝါယာဉ်များကို အသင့်ပြင်ဆင်ထားရှိရေး ကြိုတင်စီမံဆောင်ရွက်ထားရန် လိုအပ်ကြောင်း။
မုန်တိုင်းအန္တရာယ်ကျရောက်သည့် ဒေသများသို့ လိုအပ်သည့် ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ပါရန် မော်တော်ယာဉ်များ၊ ယန္တရားများအသင့်စုဖွဲ့ထားပြီး ကုန်းလမ်း၊ ရေလမ်းတို့ဖြင့် ပို့ဆောင်နိုင်ရေးအတွက် ချဉ်းကပ်လမ်းကြောင်း၊ အရန် ချဉ်းကပ်လမ်းကြောင်းများ ကြိုတင်စီမံပြုစု ထားရန်လိုအပ်ကြောင်း၊ မိမိတို့လုပ်ငန်းကော်မတီအနေဖြင့် ထိရောက်စွာ ကူညီ ဆောင်ရွက်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ဖွဲ့စည်းထားသည့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အဖွဲ့အောက်ရှိ ပို့ဆောင် ဆက်သွယ်ရေး လုပ်ငန်းကော်မတီများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေး မှာကြားသည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တက်ရောက်လာကြသူများက မိမိတို့နှင့် သက်ဆိုင် သည့် ကဏ္ဍများအလိုက် ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးတုံ့ပြန် ဆောင်ရွက်နိုင် ရေးနှင့် ဆက်သွယ်မှုမပြတ်တောက်စေရေးဆိုင်ရာ ကြိုတင်စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို အသေးစိတ် ရှင်းလင်းတင်ပြရာ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်