နေပြည်တော် ၁၈ မတ်
အမျိုးသားအဆင့် ရေထုညစ်ညမ်းမှု တုံ့ပြန်ဆောင်ရွက်ရေးစီမံချက် (National Contingency Plan for Marine Pollution)အား ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အဖွင့် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ရေးဆွဲတင်ပြလာသည့် အမျိုးသားအဆင့် ရေထုညစ်ညမ်းမှု တုံ့ပြန်ဆောင်ရွက်ရေးစီမံချက် (National Contingency Plan for Marine Pollution)ကို အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ အတည်ပြုချက် ရယူနိုင်ရေး တင်ပြလာသည့်အတွက် ယနေ့အစည်းအဝေးကို ခေါ်ယူရခြင်း ဖြစ်ပါကြောင်း။
အမျိူးသားအဆင့် ရေထုညစ်ညမ်းမှုတုံ့ပြန်ဆောင်ရွက်ရေးစီမံချက် (National Contingency Plan for Marine Pollution)ကို ရေထုညစ်ညမ်းမှုများအား ထိရောက်လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ပြီး ထိခိုက်မှုအနည်းဆုံး ဖြစ်စေရန်အတွက် အစိုးရအဖွဲ့ အစည်းများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ/ လူပုဂ္ဂိုလ်များအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရေးအတွက် မူဝါဒ၊ စနစ်နှင့် လမ်းညွှန်ချက်များဆိုင်ရာ အမျိုးသားအဆင့် မူဘောင်ချမှတ်နိုင်ရန် ရည်ရွယ်ရေးဆွဲထားရှိကြောင်း အဆိုပါစီမံချက်တွင် ဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း။
ထို့ပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအောက်ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ရည်ရွယ်ချက်တစ်ခုဖြစ်သည့် “သဘာဝဘေး အန္တရာယ်များကြောင့် လူ့အသက်၊ အိုးအိမ်၊ ပစ္စည်းများ ဆုံးရှုံးမှုလျော့နည်းအောင် ကြိုတင်စီမံ ဆောင်ရွက်ပေးရန်” ဆိုသည့်အချက်နှင့် လုပ်ငန်းတာဝန်တစ်ခုဖြစ်သည့် “သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ပညာပေးလုပ်ငန်းများ၊ သင်တန်းများနှင့် သဘာဝဘေး အန္တရာယ်လျော့ပါးရေးဆိုင်ရာ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း”ဆိုသည့် အချက်များနှင့်လည်း ကိုက်ညီမှုရှိသည်ကို တွေ့ရှိရပါကြောင်း။
စီမံချက်၏ အဓိကအချက်ဖြစ်သည့် “ရေထုညစ်ညမ်းမှု” ဆိုသည့် စကားရပ်နှင့် ပတ်သက်ပြီး အဓိပ္ပါယ်ဖွင့်ဆိုရာတွင် “ပတ်ဝန်းကျင်ကို အကျိုးရှိစွာ အသုံးပြုခြင်းအား ထိခိုက်စေရန်သော်လည်းကောင်း၊ အများပြည်သူ၏ ကျန်းမာရေး၊ အန္တရာယ်ကင်းရှင်းရေး သို့မဟုတ် အကျိုးဖြစ်ထွန်းရေးကို ထိခိုက်စေရန်သော်လည်းကောင်း၊ တိရစ္ဆာန်နှင့် အပင်များကို ထိခိုက်စေရန်သော်လည်းကောင်း၊ ရေယာဉ်များ၊ ကမ်းလွန်တူးဖော်ရေး လုပ်ငန်းများ၊ ရေနံပိုက်လိုင်းများ အစရှိသည်တို့မှ ရေနံနှင့် ရေနံထွက်ပစ္စည်းများ၊ စားအုန်းဆီနှင့် ဓာတုကုန်စည်စသည့် အန္တရာယ်ရှိ အဆိပ်အတောက်ဖြစ်စေသည့် ကုန်စည်များရေထုအတွင်းသို့ မတော်တဆယိုဖိတ်မှုကြောင့် ဖြစ်ပွားသော ညစ်ညမ်းမှု” ဟု ဖွင့်ဆိုထားသည်ကို တွေ့ရှိရပါကြောင်း။
၂၀၁၃ ခုနှစ်က ပြဋ္ဌာန်းထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေတွင်လည်း သဘာဝဘေးအန္တရာယ်ဆိုသည်ကို သဘာဝအလျောက်ဖြစ်စေ၊ လူတို့၏ ပြုမူဆောင်ရွက်မှု၊ မတော်တဆမှု သို့မဟုတ် ပေါ့ဆမှုကြောင့်ဖြစ်ပွားသော ဓါတုပစ္စည်းကြောင့်ဖြစ်စေ၊ ရေနံယိုဖိတ်ခြင်းကြောင့်ဖြစ်စေ ဖြစ်ပွားသောသဘာဝဘေး အန္တရာယ်ဖြစ်သည်ဟု ထည့်သွင်းပြဋ္ဌာန်း ရေးဆွဲထားပြီးဖြစ်ပါကြောင်း။
ယခုအချိန်အထိ ရေနံတင်သင်္ဘောများသာ ဝင်ရောက်လာခြင်းရှိသော်လည်း တိုင်းပြည်တိုးတက်လာသည်နှင့်အမျှ ဓာတုပစ္စည်းအစရှိသော ကုန်စည်များတင်ဆောင်သည့် နိုင်ငံတကာသင်္ဘောကြီးများ ဆက်လက်ဝင်ရောက်လာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရေထုညစ်ညမ်းမှုဆိုသည်မှာ ဆီယိုဖိတ်မှုအန္တရာယ် တစ်ခုတည်းသာမကဆိုသည်ကို သတိချပ်ရမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၏ ပထမဆုံး ရည်ရွယ်ချက်အဖြစ် “နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအလို့ငှာ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေသည့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်”ဟူ၍ ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါကြောင်း။
ထို့ပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၆၄။ (ဃ)အရ- “ရင်းနှီးမြှုပ်နှံသူသည် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုအား လျှော့ချစေခြင်းနှင့် ရှောင်ကျဉ်ခြင်းအားဖြင့် တာဝန်ယူမှုရှိသော၊ ရေရှည်ခိုင်မာသော အပြုအမူဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအား ဆောင်ရွက်ရန်ဟူ၍ ဖော်ပြပါရှိပြီးဖြစ်ပါကြောင်း။
ထို့ကြောင့် လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် မိမိဆောင်ရွက်သောလုပ်ငန်းမှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ သဘာဝနှင့်လူမှုပတ်ဝန်းကျင်ကို သက်ရောက်မှု ရှိလာနိုင်သည့် ဆိုးကျိုးများကို ကြိုတင်ကာကွယ်ခြင်း၊ လျှော့ချခြင်းစသည့် အစီအမံများကို လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ မည်သူမဆို မြန်မာနိုင်ငံအတွင်းတွင် လာရောက်ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းဆောင်ရွက်လျှင် Responsible Business ဖြစ်အောင် ဆောင်ရွက်ရန် တာဝန်ရှိပါကြောင်း။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို မိမိတို့ အစိုးရလက်ထက် ၂၀၁၆ ခုနှစ်၊ မေလတွင် ပြန်လည်ဖွဲ့စည်းခဲ့ပါကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အနေဖြင့် နိုင်ငံတော်အတွင်း ရာသီဥတုဖောက်ပြန်မှုကြောင့်ဖြစ်စေ၊ လူတို့ကြောင့် ဖြစ်ပေါ်လာရသည့် လူလုပ်ကပ်ဘေးအန္တရာယ်များကြောင့်ဖြစ်စေ အချိန်မရွေး ကျရောက်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်တွက်ဆပြီး ကာကွယ်ရေးအစီအမံများ စနစ်တကျ ပြင်ဆင်ထားရှိနိုင်ရေးအတွက်သာမက သဘာဝဘေးအန္တရာယ် ကျရောက်လာသည့် အခြေအနေတွင်လည်း ကယ်ဆယ်ရေးနှင့် ထောက်ပံ့ကူညီရေးလုပ်ငန်းများကို လျင်မြန်သွက်လက်စွာနှင့် ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက်ပါ ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ ကော်မတီ၏အောက်တွင် လုပ်ငန်းကော်မတီ ၁၂ ခုကို ဖွဲ့စည်းပြီး သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ စီမံခန့်ခွဲဆောင်ရွက်လျက်ရှိပါကြောင်း။
ယခု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ရေးဆွဲတင်ပြလာသည့် အမျိုးသားအဆင့် ရေထုညစ်ညမ်းမှု တုံ့ပြန်ဆောင်ရွက်ရေးစီမံချက် (National Contingency Plan for Marine Pollution)မှာ အဓိကအားဖြင့် တုံ့ပြန်ဆောင်ရွက်ရန် အဆင့်(၃)ဆင့် ခွဲခြား သတ်မှတ်ထားသည်ကို တွေ့ရှိရပါကြောင်း၊ အဆင့်(၁)မှာ ဖြစ်ပွားရာနေရာအလိုက် ချက်ချင်းတုံ့ပြန်ဆောင်ရွက်ခြင်းနှင့် အဆင့်(၂)မှာ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပူးပေါင်းတုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရမည်ဖြစ်ပြီး အဆင့်(၃)တွင် နိုင်ငံအဆင့် သဘာဝဘေးအန္တရာယ်အသွင် ကျရောက်လာချိန်၌ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနှင့် ချိတ်ဆက်ပြီး အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီမံချက်ထဲတွင် ထည့်သွင်းဖော်ပြထားပါကြောင်း၊ မိမိတို့ နိုင်ငံအတွင်းတွင်ရှိသည့် အင်အားနှင့် မလုံလောက်၍ ပြည်ပအကူအညီ လိုအပ်လာမည့် အခြေအနေများအတွက်လည်း ထည့်သွင်းရေးဆွဲထားသည်ကို တွေ့ရှိရပါကြောင်း။
ယင်းစီမံချက်သည် နိုင်ငံအဆင့်/ အမျိုးသားအဆင့်ဖြစ်လာမှ တုံ့ပြန်ဆောင်ရွက်မှု မဟုတ်ဘဲ ကနဦးအဆင့် အသီးသီးတွင်လည်း တုံ့ပြန်ဆောင်ရွက်ရေး အစီအမံများ ကြိုတင်ပြင်ဆင်ရေးဆွဲထားရှိပြီး စီမံချက်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆိပ်ကမ်းများ၊ ကမ်းလွန်တူးဖော်ရေးစင်များ၊ သက်ဆိုင်ရာ ဌာနအသီးသီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များကလည်း စီမံချက်ကို ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
အဆိုပါစီမံချက်အရ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်ချက်များ၊ ဖြည့်ဆည်းဆောင်ရွက်ရမည့် နည်းလမ်းများရှိပါက တက်ရောက်လာကြသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များ၊ အကြံပေးအဖွဲ့မှ ပညာရှင်များအနေဖြင့် ဝိုင်းဝန်းဆွေးနွေး အကြံပေးကြစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အမျိုးသားအဆင့် ရေထုညစ်ညမ်းမှု တုံ့ပြန်ဆောင်ရွက်ရေးစီမံချက် ရေးဆွဲခြင်း၊ စီမံချက်ပြီးစီးမှုနှင့် ဥပဒေကြောင်းအရ ခိုင်မာမှုရှိစေရေး ဆောင်ရွက်ထားမှု အခြေအနေကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းကြိုင်က အမျိုးသားအဆင့် ရေထုညစ်ညမ်းမှု တုံ့ပြန်ဆောင်ရွက်ရေးစီမံချက် ရေးဆွဲရခြင်း အကြောင်းရင်း၊ စီမံချက်နှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖွဲ့ဝင် ပညာရှင်များက ရေထုညစ်ညမ်းမှုများကို စောင့်ကြည့်ရန်နှင့် လိုအပ်သည့် နည်းပညာကိရိယာများ တပ်ဆင်ပေးရန်၊ နိုင်ငံတကာတွင်ဖြစ်ပွားခဲ့သည့် ရေနံယိုဖိတ်မှု၊ ရေနံတွင်း ပေါက်ကွဲမှုကြောင့် ရေထုညစ်ညမ်း မှုဖြစ်စဉ်များ၊ ပျက်စီးဆုံးရှုံး ထိခိုက်နစ်နာမှုနှင့် ပြန်လည် ကုစားပေးရသည့် အခြေအနေများနှင့် အမျိုးသားအဆင့် ရေထုညစ်ညမ်းမှုတုံ့ပြန် ဆောင်ရွက်ရေးစီမံချက်တွင် ဖြည့်စွက်သင့်သည့် အချက်များကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဦးကျော်တင်၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်နှင့် ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာမင်းရဲပိုင်ဟိန်း၊ ဦးစိုးအောင်နှင့် တာဝန်ရှိသူများက ရေထုညစ်ညမ်းမှုနှင့် ပင်လယ်ပြင်အတွင်း ရေနံနှင့် ဓာတုပစ္စည်းများ ယိုဖိတ်မှုအား ကြိုတင်ပြင်ဆင်ကာကွယ်ရေး၊ ရေထုညစ်ညမ်းမှု တုံ့ပြန်ဆောင်ရွက်ရာတွင် ပြည်ပအကူအညီ လိုအပ်လာပါက မြန်ဆန်စွာအကူအညီရရှိနိုင်ရေး၊ ရေနံနှင့် ဓာတုပစ္စည်းများ ယိုဖိတ်မှုကြောင့် ဖြစ်ပေါ်လာသည့် စွန့်ပစ်ပစ္စည်းကို စနစ်တကျစွန့်ပစ်ရေးနှင့် အမျိုးသားအဆင့် ရေထုညစ်ညမ်းမှုတုံ့ပြန် ဆောင်ရွက်ရေးစီမံချက်တွင် ပြင်ဆင်ဖြည့်စွက်သင့်သည့် အချက်များကို သုံးသပ်ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် ဒုတိယသမ္မတက ဆွေးနွေးတင်ပြ အကြံပြုချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ နိုင်ငံတကာတွင် ဖြစ်ပေါ်ခဲ့သည့် ရေထုညစ်ညမ်းမှု ဖြစ်စဉ်များအပေါ် တုံ့ပြန်ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ အားနည်းချက်၊ အားသာချက်များကို လေ့လာသုံးသပ်ပြီး ယခုအစည်းအဝေးတွင် ဆွေးနွေးတင်ပြခဲ့ကြသည့် ပြင်ဆင်ဖြည့်စွက်ချက်များအပေါ် ထပ်မံညှိနှိုင်းသုံးသပ်ကာ စီမံချက်ကို အကောင်းဆုံးဖြစ်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
သတင်းစဉ်


