နေပြည်တော်၊ မတ် ၂၁

ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၄) ကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄) ၌ ကျင်းပသည်။

အစည်းအဝေးတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက လက်ရှိရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်များအရ လာမည့်နွေရာသီကာလတွင်လည်း အပူဒဏ်အန္တရာယ်များ ဖြစ်ပွားနိုင်ပါကြောင်း၊ လွန်ခဲ့သောနှစ်များအတွင်း မုန်တိုင်းဖြစ်ပေါ်ခဲ့မှုများကို ပြန်လည်သုံးသပ်ရာ တွင် မုန်တိုင်းဘေးအန္တရာယ်ကို ဧပြီလကုန်နှင့် မေလဆန်းတို့တွင်လည်းကောင်း၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင်လည်းကောင်း ကြုံတွေ့ရလေ့ရှိပါကြောင်း၊ ဘေးအန္တရာယ် ဖြစ်စဉ်များအတွက် ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှုအစီအစဉ်များ အားကောင်းစွာ ဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်သူများ၏ အသက်အန္တရာယ်နှင့် ကျန်းမာရေးထိခိုက်မှုများ ကာကွယ်နိုင်မည် ဖြစ်ပါကြောင်း။

မုန်တိုင်းကျရောက်ပြီးချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြတ်တောက်သွားခြင်း မရှိစေရန်အတွက် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ခြင်း၊ ဆေးရုံများတွင် ခွဲစိတ်ကုသမှုများအပါအဝင် ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အမြန်ဆုံးပြန်လည် စတင်ဆောင်ရွက်ခြင်း၊ ဘေးအန္တရာယ်၏ နောက်ဆက်တွဲအနေဖြင့် ကူးစက်ရောဂါများ ကပ်အသွင်ဖြစ်ပွားမှုများ မရှိစေရေး စောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်ခြင်း၊ ကူးစက်ရောဂါဖြစ်ပွားမှုများကို အချိန်နှင့် တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများကို ဌာနဆိုင်ရာများ၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း။

ထိုသို့ဆောင်ရွက်နိုင်ခဲ့မှုများကြောင့် မုန်တိုင်းဘေးအန္တရာယ်၏ နောက်ဆက်တွဲ ကူးစက်ရောဂါများ ကြီးမားသည့် ကပ်အသွင်ဖြစ်ပွားမှုများ မရှိခဲ့ပါကြောင်း၊ အလားတူ တိုင်းဒေသကြီး/ ပြည်နယ်အချို့တွင် ဖြစ်ပွားခဲ့သည် ရေကြီးမှုဖြစ်စဉ်များကိုလည်း ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန် ဆောင်ရွက်မှု အစီအစဉ်များကို ပူးပေါင်းဆောင်ရွက်မှု အားကောင်းစွာဖြင့် ဆောင်ရွက်နိုင်ခဲ့ကာ ဘေးအန္တရာယ်၏ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများဖြစ်ပွားမှုကို ကာကွယ်နိုင်ခဲ့ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် အကြံပြုဆွေးနွေးသည့်အချက်များရယူကာ ဘေးအန္တရာယ်ဖြစ်စဉ် များအတွက် ကျန်းမာရေးကဏ္ဍ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၏ ဖွဲ့စည်းဆောင်ရွက်မှု၊ လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်းဖြစ်စဉ်နှင့် ရေကြီးမှုဖြစ်စဉ်များတွင် ကျန်းမာရေးစောင့်ရှောက်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီတွင် ပါဝင်သည့် နှီးနွှယ်ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများ၏ ဘေးအန္တရာယ်ကြောင့် ထိခိုက်မှုလျော့ပါးရေး ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှု လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့မှုကြောင့် ကူးစက်ရောဂါများ ကပ်အသွင်ဖြစ်ပွားမှု မရှိစေရေး ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ကျန်းမာရေးဆိုင်ရာ ပြဿနာများ မပေါ်ပေါက်စေရေး ဆောင်ရွက်နိုင်ခဲ့မှုများ၊ လုပ်ငန်းကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် လုပ်ငန်းကော်မတီ အဖွဲ့ဝင်များက ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက်အစည်းအဝေးသို့ တက်ရောက်လာသည့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်နေမှုများ၊ ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ရှေ့လုပ်ငန်းစဉ်များအတွက် အကြံပြု ချက်များကို ဆွေးနွေးပြောကြားပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်