အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဝန်ကြီးဌာနများ၊ ဝန်ထမ်းအိမ်ရာများနှင့် အဆောင်များ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၂၆

 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ညနေပိုင်းတွင် ဝန်ကြီးဌာနများ၊ ဝန်ထမ်းအိမ်ရာများနှင့် အဆောင်များပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

 

လိုအပ်သည်များမှာကြား

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စွမ်းအင်ဝန်ကြီးဌာနသို့ ရောက်ရှိကြပြီး အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများက ငလျင်ဒဏ်ကြောင့် ရုံးအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့မှု၊ Prefabricated Office များဖြင့် ယာယီရုံးခန်းများ ဖွင့်လှစ်၍ ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဝန်ထမ်းများယာယီ နေထိုင်ရန် Modular House များ တပ်ဆင်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားပြီး ပြည်ထောင်စုဝန်ကြီးရုံးနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ရုံးအဆောက် အအုံတို့၌ ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများနှင့် ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

 

လိုက်လံကြည့်ရှုစစ်ဆေး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ရောက်ရှိကြပြီး အဆိုပါရုံး ပင်မအဆောက်အအုံနှင့် အခြားရုံး အဆောက်အအုံများ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများနှင့် ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို တာဝန်ရှိများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဇမ္ဗူသီရိမြို့နယ် သုခသိဒ္ဓိရပ်ကွက်ရှိ ပြန်လည်နေထိုင်ရန်သင့်သည့် (အပြာရောင်အမှတ် အသားရ) တိုက်အမှတ် ၆၂၀၉ သို့ ရောက်ရှိကြပြီး အဆိုပါတိုက်အတွင်း ငလျင်ဒဏ်ကြောင့် အနည်းငယ် ထိခိုက်ပျက်စီးခဲ့မှုများကို မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းက ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ နိုင်ငံ့ဝန်ထမ်းများ ပြန်လည်နေထိုင်လျက်ရှိမှုအခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ၏ နေထိုင်စားသောက်မှုအခြေအနေ၊ နိုင်ငံတော်ကထောက်ပံ့ သည့် အခြေခံစားသောက်ကုန်ငါးမျိုး ရရှိမှုအခြေအနေများအား မေးမြန်းပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဇမ္ဗူသီရိမြို့နယ်ဉာဏသိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ် ၃၁၀၇ သို့ ရောက်ရှိကြပြီး မြန်မာနိုင်ငံအဆောက်အဦ ဖွံ့ဖြိုးမှုအသင်းက ငလျင်ကြောင့်ပျက်စီးခဲ့သည့် အဆောက်အအုံနှင့် အခန်းများတွင် Stitching Method ဖြင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

 

ညှိနှိုင်းဆောင်ရွက်ပေး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် သဇင် (၂) အပျိုဆောင်အဆောင်(၁)နှင့် သဇင်(၅) လူပျိုဆောင်အဆောင်(၁၁)တို့၌ ငလျင်ဒဏ်ကြောင့် အနည်းငယ်ထိခိုက်ခဲ့သည့်နံရံများကို ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းမှ ဝန်ထမ်းများက Sikalatex ဆေးရည်၊ ကျုံ့ခြင်းမရှိသော ဘိလပ်မြေအခြေခံ ဘက်စုံသုံးဆေးမှုန့် (SikaGrout) နှင့် ဘိလပ်မြေများရောစပ်၍ ကွဲအက်ခဲ့သည့် နေရာများအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက် နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်