နေပြည်တော် ဧပြီ ၂၀
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကော်မတီဒုတိယ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့ မွန်းလွဲပိုင်းတွင် Naypyitaw State Academy ထိခိုက်ပျက်စီးမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ငလျင်ကြောင့် ဘွဲ့လွန်နှင့်အုပ်ချုပ်မှု ဆိုင်ရာ ပင်မဆောင်အခြေအနေ၊ ဆေးပညာသင်ကြား ရေးအဆောင်၊ စီးပွားရေးပညာသင်ကြားရေး အဆောင်၊ ဝိဇ္ဇာနှင့် သိပ္ပံ ပညာသင်ကြားရေးအဆောင် (၂)ဆောင်နှင့် စီးပွားရေးနှင့် လူမှုရေးပညာသင်ကြား ရေးအဆောင်တို့၏ ထိခိုက်ပျက်စီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပင်မ Column တိုင်နှင့် Beam တို့အား စစ်ဆေးချက်အရ ထိခိုက်မှုလုံးဝမရှိ ဘဲ အဆောင်လိုက်အုတ်နံရံအချို့ ပလာစတာ ကွဲအက်၊ ကွာကျနေခြင်းသာရှိ၍ ဇွန်လကျောင်းစတင် ဖွင့်လှစ်ချိန်မတိုင်မီ အပြီးပြုပြင်သွားရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးသည်။ ၎င်းနောက် ဆောက်လုပ်ဆဲ ဘွဲ့နှင်းသဘင်ခန်းမနှင့် ဆောက်လုပ်ဆဲ ခြောက်ထပ်ဆောင် တို့အား ကြည့်ရှုစစ်ဆေးရာ အင်ဂျင်နီယာအသင်းချုပ်၊ အင်ဂျင်နီယာကောင်စီနှင့် ငလျင်ပညာရှင် များ၏ စစ်ဆေးချက်အရ ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း တွေ့ရှိရသည်။
Naypyitaw State Academy အတွင်းရှိ ဆောက်လုပ်ပြီးအဆောက်အအုံများနှင့် ဆောက်လုပ်ဆဲ အဆောက်အအုံများအား ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၀ ပြည့်နှစ် နိုင်ငံတကာ သတ်မှတ် SOP အတိုင်း ရစ်(ခ်)တာစကေး ၇ ခံနိုင်သည့် ဒီဇိုင်းပုံစံအတိုင်း ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
သို့ဖြစ်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အသစ်ပြန်လည်ရေးဆွဲလျက်ရှိသည့် ရစ်(ခ်)တာ စကေး ၈ အထိခံနိုင်သည့် အဆောက်အအုံ ဒီဇိုင်းပုံစံအတိုင်း ဆောက်လုပ်နိုင်ရေး ပညာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်