နေပြည်တော် ၁၆ ဖေဖော်ဝါရီ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ပြည်သူလူထုအများစု၏ အခြေခံစိတ်သဘောထားမှာ အလွန်ပဲ အေးအေးချမ်းချမ်း နေလိုကြ၏။ ချမ်းသာကြွယ်ဝမှု၊ စည်းစိမ်ဥစ္စာ တိုးပွားအောင်မြင်မှုစသည်တို့ထက် အေးအေးချမ်းချမ်းနေရသည်ကို ပိုမိုမက်မောကြ၏။ လောဘနည်းသည်ဟု ဆိုလျှင်ပင် ရနိုင်လောက်၏။ တစ်နည်းအားဖြင့်ဆိုသော် တိုးတက်အောင်မြင်မှုအတွက် ကြိုးပမ်းအားထုတ်မှု နည်းပါးလွန်းသည်၊ ပျင်းသည်ဟု ဆိုရန်ခက်သော်လည်း အေးအေးချမ်းချမ်းနေရခြင်းကို လွန်စွာမက်မောကြသူများဟုဆိုလျှင် ရပါမည်။
တကယ့် ငြိမ်းချမ်းရေးသမားများ။ ဤသို့ အေးအေးချမ်းချမ်းနေလိုကြသော မြန်မာနိုင်ငံမှပြည်ထောင်စုသားတို့၏ လက်တွေ့ဘဝသည်ကားစစ်မီးတောက်များကြားမှာ နှစ်ပေါင်းများစွာနေနေရသည်။
ဗြိတိသျှကျွန်ဘဝက လွတ်မြောက်ခါစ၊ နိုင်ငံရေးကလည်း မတည်ငြိမ်၊နိုင်ငံရေး အင်အားစုများကြား နိုင်ငံရေး ရင့်ကျက်မှုနည်းပါးသည်ဟုဆိုရမည်လား။ နိုင်ငံရေးကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းလိုသည်ထက် အင်အားချင်း ပြိုင် အနိုင်ယူလိုခြင်းက များသည်ဟု ဆိုရမည်လား။ အာဏာရှိသူကအင်အားဖြင့်ဖိ၊ အာဏာမဲ့သူက ပုန်ကန်တော်လှန်ဆိုသည့် အလေ့အထကပိုအားကောင်းသည်ဟု ဆိုရမည်လား။
လွတ်လပ်ရေးရပြီဟု ရေရေရာရာ မဆိုနိုင်ခင်ကစ၍ ပြည်တွင်းစစ်နှင့် ကြုံကြရသည်။ နိုင်ငံရေးသဘောထားချင်း မတိုက်ဆိုင်သည်ကို သို့မဟုတ် တန်းတူညီမျှ အခွင့်အရေးမရဟူသည့် မကျေနပ်ချက်ကို၊ သို့တည်းမဟုတ် အထွေထွေသော ကွဲလွဲငြင်းခုံစရာများကို စစ်ရေးနည်းဖြင့်သာ ဖြေရှင်းဖို့ကြိုးစားခဲ့ကြခြင်းက စစ်မီး၏အစဖြစ်ခဲ့သည်။ ဒီမိုကရေစီအခွင့်အရေးက ကျဉ်းမြောင်းလာသည့်အခါ စစ်ရေးနည်းသာရှိတော့သည်ဟု ယုံကြည်လာခြင်းက စစ်မီးလျှံကို အရှိန်မြင့်တက်လာစေတော့သည်။
စစ်မီးလျှံကြီးက ကြီးမားလာလေလေ စစ်စရိတ်ထောင်း စစ်ဘေးစစ်ဒဏ်ခံရသည့် ပြည်သူလူထုမှာ ဒုက္ခနွံထဲက မထွက်နိုင်လေဖြစ်ရ၏။ တော်ရုံအပူဒဏ်ကို ရယ်စရာနှော၍ အေးချမ်းသက်သာနေတတ်သည့် ပြည်သူလူထုမှာ စစ်မီးအပူကို မခံနိုင်တော့။
သည်စစ်မီးတောက်ကို ငြိမ်းစေလိုလှပြီ။ ငြိမ်းချမ်းချင်ပြီ၊ ပြည်သူလူထု၏ အကျိုးစီးပွားကို အမှန်တကယ် လိုလားသည်ဆိုလျှင် စစ်မီးကိုငြှိမ်းသတ်ကြဖို့လိုပြီ။
အရှိန်အဟုန်မြင့်မြင့် အလျှံညီးညီး တောက်လောင်နေသော စစ်မီးတောက်ကို ငြှိမ်းသတ်ဖို့ဆိုသည်မှာ လွယ်ကူလှသော အလုပ်မဟုတ်တာအမှန်။ သို့သော်လည်း မည်သို့ပင် မလွယ်ကူဘူးဆိုဆို စစ်မီးငြိမ်းကာ ငြိမ်းချမ်းရေးရဖို့က ယနေ့ နိုင်ငံရေးအင်အားစုများအားလုံး၏ ပခုံးပေါ်သို့ ကျရောက်နေသော တာဝန်ကြီးဖြစ်နေပြီ။
လက်ရှိကာလ နိုင်ငံရေးအင်အားစုများအားလုံး၏ စွမ်းဆောင်နိုင်မှု၊ ကြိုးစားအားထုတ်မှု၊ ရင့်ကျက်အမြော်အမြင်ကြီးမှုတို့က မြန်မာနိုင်ငံ ပြည်ထောင်စုသားတို့၏ အနာဂတ်ကို ပုံဖော်နေပြီဖြစ်သည်။
မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ ၏တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားက ပြည်ထောင်စုငြိမ်းချမ်းရေးအနာဂတ်ကို တောက်ပစေသည့် အလင်းရောင်တစ်စဖြစ်ပါသည်။
နိုင်ငံတော်မှာ ပေါ်ထွန်းလာမည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တိုင်းရင်းသားတို့ ညီညီညွတ်ညွတ် လက်တွဲ တည်ဆောက်ကြမည်ဟူသည့်နိုင်ငံရေးယုံကြည်ချက်ကို ဖော်ပြနေသည့်မြင်ကွင်းလည်း ဖြစ်ပါ၏။
နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သော ပြည်တွင်းပဋိပက္ခကိုဖြေရှင်းကြရေးအတွက် လမ်းကြောင်းမှန်ပေါ်သို့ ရောက်လာခဲ့ကြပြီဟုယုံကြည်ပါ၏။
ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကို ပြေလည်အောင်ဖြေရှင်းကြမည့် ငြိမ်းချမ်းရေးခရီး၏ ကျက်သရေရှိလှသော တာထွက်ဖြစ်သည်ဟုလည်း ယုံကြည်ပါ၏။
စစ်များကို ရပ်စဲ၊ လက်နက်များကို နံဘေးနားချ၍ ညှိနှိုင်းဆွေးနွေးအဖြေရှာကြရင်း နိုင်ငံရေးအင်အားစုများအကြား နားလည်မှုပိုမိုရရှိကြပါစေသတည်း။
စစ်ဘေးစစ်ဒဏ်များကြားမှာ ဒုက္ခများနေကြသော တိုင်းရင်းသားပြည်သူလူထုကြီး၏ သာယာသောအနာဂတ်ကို ရှေးရှုစဉ်းစားရင်း တစ်ဦးကို တစ်ဦး စာနာနားလည်လိုက်လျောလိုသည့် နိုင်ငံရေးရင့်ကျက်မှုများမြင့်မားကာ ငြိမ်းချမ်းသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်ကြီး ညီညီညွတ်ညွတ်ဖြင့် တည်ဆောက်အောင်မြင်ပါစေသတည်း။ ။
ကြေးမုံ