mdn

နေပြည်တော် ၁၀ ဖေဖော်ဝါရီ

ယောကျာ်လေးတွေ ဘယ်ရောက်ကုန်ပြီလဲ။ 

မျက်မှောက်ကာလ မြန်မာနိုင်ငံတွင် မကြာခဏ ပေါ်ထွက်လာသော မေးခွန်းတစ်ခုဖြစ်သည်။ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေ ၅၁ သန်း ကျော်အနက် ယောကျာ်းဦးရေ ၂၅ သန်းခန့်ရှိပြီး မိန်းမဦးရေမှာ ၂၆ သန်းကျော်ရှိသည်။ မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်အောက်မှာ “ကျား” ဖြစ်ပြီး ထက်ဝက်ကျော်မှာ “မ” ဖြစ်ရာ လူဦးရေ သိန်း ၂၀ ခန့် နေထိုင်သည့် မြို့ ကြီးတစ်မြို့စာ အမျိုးသမီးဦးရေ ပိုသည်ဟု ဆိုရပါမည်။ ယခုအခါ မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၄ သန်း ကျော်ခဲ့ပြီဖြစ်ကြောင်း ခန့်မှန်းတွက်ချက်ထားရာ ကျား၊ မ အချိုးမှာလည်း လွန်ခဲ့သည့်ငါးနှစ် ကာလနှင့် ကွာခြားလှမည် မဟုတ်ဟူ၍လည်း မှန်းဆနိုင်သည်။ 

၂၀၁၄ သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်နှင့်အထက် အလုပ်ရှိသူ ဦးရေ ၂၁ ဒသမ ၈၇ သန်းကျော်ရှိရာ ကျား/မ အလိုက် ဆန်းစစ်ချက် အရ အစိုးရဝန်ထမ်း ကျား ၅ ဒသမ ၈ ရာခိုင်နှုန်းနှင့် မ ၆ ဒသမ ၇ ရာခိုင် နှုန်း၊ ပုဂ္ဂလိက/အဖွဲ့အစည်းများတွင် ကျား ၃၅ ဒသမ ၃ ရာခိုင်နှုန်း၊ မ ၂၈ ဒသမ ၈ ရာခိုင်နှုန်း၊ အလုပ်ရှင်အုပ်စုတွင် ကျား ၅ ဒသမ ၈ ရာခိုင်နှုန်း၊ မ ၃ ဒသမ ၅ ရာခိုင်နှုန်း၊ မိသားစုလုပ်ငန်းတွင် ကျား ၁၀ ဒသမ ၉ ရာခိုင်နှုန်း၊ မ ၂၆ ဒသမ ၁ ရာခိုင်နှုန်းတို့ လုပ်ကိုင်လျက်ရှိကြောင်း ဆန်းစစ်ထားသည်ကို တွေ့ရသည်။ သို့ဖြစ်ရာ အစိုးရဝန်ထမ်းများနှင့် မိသားစုလုပ်ငန်းများတွင် အမျိုးသမီးများ ပိုမိုပါဝင်လုပ်ကိုင်နေကြသည်ကို ဖော်ပြပါ ကိန်းဂဏန်း များတွင် တွေ့ရှိရမည်ဖြစ်သည်။ ပုဂ္ဂလိကလုပ်ငန်းများ၊ အဖွဲ့အစည်းများ၊ ကိုယ်ပိုင်လုပ်ငန်းများနှင့် အလုပ်ရှင်များနေရာတွင် ကျားအရေအတွက်က မအရေအတွက်ထက် ပို၍များပြားနေသည်ကိုလည်း တွေ့ရှိရမည်ဖြစ်သည်။ စာရင်းဇယားများအရ ပညာရေးဆိုင်ရာလုပ်ငန်းများတွင် ကျား ၇၄၀ဝ၀ ကျော်နှင့် မ သုံးသိန်းကျော် ဝင်ရောက်လုပ်ကိုင်နေကြရာ အရေအတွက် အားဖြင့် အမျိုးသမီးက အမျိုးသားထက် များစွာ ပိုမိုနေသည်ကို တွေ့ရသည်။ မျက်မြင်အခြေအနေအားဖြင့်လည်း စာသင်ခန်းများတွင် သင်ကြားပေးသူ အနေဖြင့်ရော သင်ယူနေသူအနေဖြင့်ပါ အမျိုးသမီး ဦးရေကသာ များပြားလျက်ရှိရာ ရေရှည်တွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ ဖြိုးမှုတွင် ပြဿနာဖြစ်ပေါ်လာနိုင်သည့် အလားအလာများဖြစ်သည်ဟု ယူဆနိုင်သည်။ 

“မိမိတို့နိုင်ငံတွင် အထက်တန်းကျောင်းအဆင့်သို့ ယောကျာ်းလေးများ ဆက်ပြီးမနေကြသည်မှာ များလာပါကြောင်း၊ တက္ကသိုလ်များ၌ မိန်းကလေးများ ပိုများလာသည်ကို မိမိတို့အနေဖြင့် ဒီလိုပဲဆိုပြီး နေ၍ မဖြစ်ကြောင်း၊ ပညာမပြည့်စုံသည့် ယောကျာ်းလေးများသည် အနာဂတ်တွင် လူမှုအသိုင်းအဝိုင်းအတွက် ပြဿနာများ ဖြစ်လာနိုင်ကြောင်း” ဖြင့် လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရှမ်းပြည်နယ် တောင်ကြီးမြို့ ခရီးစဉ်အတွင်းညွှန်ပြပြောကြားခဲ့ရာ အလေးအနက်ထား၍ ရေရှည်မျှော်မှန်း ချက်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရမည်ဟု ရှုမြင်မိသည်။ 

ကျောင်းသင်ပညာရေး၊ လုပ်ငန်းခွင်ဝင် သက်မွေးဝမ်းကျောင်း ပညာရေးတို့ဖြင့် ကျောင်းနေအရွယ် ယောကျာ်းလေးများကို နိုင်ငံတော်၏ အနာဂတ်အတွက် တန်ဖိုးမြင့်လူသားအရင်းအမြစ်များ ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးနိုင်ရန်၊ ပညာသင်ကြားမှုများ ပြီးမြောက်ပါကလည်း အလုပ်အကိုင်အခွင့်အလမ်းများ လွယ်လင့်တကူရရှိနိုင်ခြင်းအားဖြင့် ပညာရေးအပေါ် ယုံယုံကြည်ကြည် သင်ယူလာကြစေရန် ဖန်တီးဖော်ဆောင် ပေးနိုင်ရေးသည် မဖြစ်မနေ ဆောင်ရွက်ကြရမည့် လိုအပ်ချက်တစ်ရပ်ဟု ယုံကြည်မိပါကြောင်း။ ။

မြန်မာ့အလင်း