မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းထောင်ချီကတည်းက ကိုယ်ပိုင်ယဉ်ကျေးမှုအစဉ်အလာများဖြင့် တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်ခဲ့ကြသည်။ ထိုစဉ်ကတည်းက ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် မြင့်မားထည်ဝါစွာ နေထိုင်ခဲ့ကြသည်။ နန်းမူနန်းဟန် အနုသုခုမဗိသုကာလက်ရာများကို ပြောင်မြောက်စွာ ပုံဖော်တည်ဆောက်ခဲ့ကြသည်။ ထို့ကြောင့် ယဉ်ကျေးမှုအစဉ်အလာကြီးမားသောနိုင်ငံဖြစ်သည်ဟု အခိုင်အမာညွှန်းဆိုနိုင်သည်။ တန်ဖိုးမဖြတ်နိုင်သော အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များနှင့် အမျိုးသားရေးစရိုက်လက္ခဏာများ နှစ်ပေါင်းထောင်ချီ ရှင်သန်ထွန်းကား တည်တံ့ခိုင်မြဲလျက်ရှိသည်။

 

ရှေးနှစ်သန်းပေါင်းများစွာကတည်းက ပေါ်ထွန်းခဲ့သည့် လူသားမျိုးနွယ်၏ အစောဆုံးမူလအစ ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်စသည့် သမိုင်းမတင်မီခေတ်များသည်လည်း မြန်မာ့မြေပေါ်တွင် တစ်ဆက်တစ်စပ်တည်း ဖြစ်တည်ပေါ်ပေါက်လာခဲ့သည်။ သမိုင်းတင်ခေတ်တွင် ပျူခေတ်ယဉ်ကျေးမှုပေါ်ထွန်းခဲ့ပြီး ရှေးပျူမြို့ဟောင်းများ ထွန်းကားခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာစသည့် ပျူမြို့ဟောင်းများကို ကမ္ဘာ့အမွေအနှစ်အဖြစ် UNESCO ၏ အသိအမှတ်ပြုခြင်းခံထားရသည်။ ပျူခေတ်နောက်ပိုင်းတွင် ထွန်းကားခဲ့သည့် ပုဂံခေတ် ဗိသုကာလက်ရာများသည် ထူးခြားမြင့်မားလှပြီး အနုပညာနှင့် ဗိသုကာလက်ရာများကို ကိုယ်ပိုင်ဟန်ဖြင့် လက်ရာမြောက်အောင် ဖန်တီးခဲ့ကြသည်ကို ယနေ့တိုင် တွေ့မြင်နိုင်သည်။

 

ပုဂံခေတ် ဗိသုကာပညာများ၊ နံရံဆေးရေးပန်းချီနှင့် ရေစီမံခန့်ခွဲမှုများသည် ထိုခေတ်က တီထွင်ဖန်တီးနိုင်မှုနှင့် အဆင့်အတန်းမြင့်မားမှုများကြောင့် ၂၀၁၉ ခုနှစ်တွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်နယ်မြေသည် UNESCO ၏ ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရသည်။ ထို့အပြင် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည့် ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကား၊ ပုံပြင်၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် ဆယ့်နှစ်လရာသီပွဲတော်များသည် တိုင်းရင်းသားလူမျိုးစုအားလုံးတွင်လည်း သူ့အစဉ်အလာနှင့်သူ ကိုယ်ပိုင်ယဉ်ကျေးမှုများအဖြစ် ရှိနေသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ပါရာဂွေးနိုင်ငံ၌ ကျင်းပပြုလုပ်သည့် (၁၉) ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ညီလာခံတွင် မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို UNESCO ၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။

 

ဆက်လက်၍ မြန်မာ့သနပ်ခါးယဉ်ကျေးမှုကို UNESCO သို့ တင်ပြထားပြီး မြန်မာ့ထမနဲကိုလည်း ဆက်လက်တင်သွင်းရန် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် တန်ဖိုးကြီးမားသော ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ အမြောက်အမြားရှိနေသေးသည်။ မြန်မာနိုင်ငံ၊ မြန်မာလူမျိုးတို့၏ ကောင်းမြတ်သည့်ဂုဏ်ဒြပ်နှင့် ယဉ်ကျေးမှုလက္ခဏာအစဉ်အလာများနှင့် အမျိုးသားရေးစံနှုန်းများ ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေးကို မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီက အလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ကော်မတီအနေဖြင့် မူဝါဒချမှတ်ပေးခြင်း၊ ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ပေးခြင်းနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲရှိပါက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိသည်။

 

ဥပဒေ၊ နည်းဥပဒေများကို ပြည်သူများအား ချပြရှင်းလင်း အသိပညာပေးရန် လိုအပ်မည်ဖြစ်သည်။ ဆိုရှယ်မီဒီယာများနှင့်အတူပါလာသည့် တိုင်းတစ်ပါး ယဉ်ကျေးမှုများ လွှမ်းမိုးမလာစေရန် ထိန်းသိမ်းကာကွယ်ရန် လိုအပ်သကဲ့သို့ မြန်မာနိုင်ငံ၏ ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များ၊ တိုင်းရင်းသားရိုးရာအကနှင့် ဂီတယဉ်ကျေးမှုအနုပညာရပ်များကို ထိန်းသိမ်းနိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများကို အနှစ်သာရရှိရှိ အဓိပ္ပာယ်ပြည့်ပြည့်ဖြင့် နှစ်စဉ်ကျင်းပပေးခဲ့သည်မှာ ငွေရတုကို ကျော်လွန်လာခဲ့ပြီဖြစ်သည်။ လူငယ်များအနေဖြင့် တိုင်းတစ်ပါးယဉ်ကျေးမှုအပေါ် နှစ်သက်မြတ်နိုးပြီး မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို အလေးမထားဘဲ ပစ်ပယ်လာကြမည်ဆိုပါက အမျိုးသားရေးစိတ်ဓာတ်များ လျော့ပါးလာကြမည်ဖြစ်ပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ခေါင်းပါးလာမည်ဖြစ်သည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအစဉ်အလာကြီးမားသော နိုင်ငံဖြစ်ပြီး ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ပေါများသောနိုင်ငံဖြစ်သောကြောင့် အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များကို မပျောက်ပျက်အောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးရာရောက်ပြီး နိုင်ငံအတွက် ကောင်းမွန်သော ပုံရိပ်များဖြစ်သောကြောင့် နိုင်ငံသားအားလုံးက အလေးအနက်ထားပြီး ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။