(၂၃)ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို တင့်တယ်ခမ်းနား  စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပပြီဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် (၂၂) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ကျင်းပခဲ့ပြီးနောက် ပြိုင်ပွဲကျင်းပမှုများ ရပ်ဆိုင်းသွားခဲ့သည့် ခြောက်နှစ်တာကာလပတ်လုံး ရတနာထုပ် ပျောက်ဆုံးသွားသည့်နှယ်   နှမြောတသဝမ်းနည်း ခံစားကြရကြောင်း ရိုးရာယဉ်ကျေးမှု ချစ်မြတ်နိုးသူ အနုပညာ ရှင်ကြီးများက တညီတညွတ်တည်း ဆိုကြပြီး ယခုနှစ်တွင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ပြန်လည်ကျင်းပသည့်အပေါ် အထူးဂုဏ်ယူဝမ်းမြောက် ဝမ်းသာစွာဖြင့် ထောက်ခံအားပေးကြကြောင်း ကြားသိရသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တစ်နှစ်ပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ပြောကြားသည့် မိန့်ခွန်းတွင်“မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပညာရပ်တွေဟာ National Treasure တွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ကာလများမှာ မြန်မာ့ယဉ်ကျေးမှုအကကို ဖက်စပ်ဖန်တီးမှုတွေကြောင့် ဖက်စပ်အကတွေ ခေတ်စားလာရပြီး မြန်မာ့ယဉ်ကျေးမှုအတွက် စိုးရိမ်ရေမှတ်အနေအထားထိ ဖြစ်လာပါတယ်။ ရွှေတိဂုံစေတီပုံရိပ်ပေါ်မှာ ဖိနပ်နင်း အကကခဲ့ရတဲ့အထိ ဘာသာရေးနဲ့ ယဉ်ကျေးမှုနယ်ပယ် ပျက်စီးခဲ့ရပါတယ်။ မြန်မာ့ဓလေ့ရဲ့ ကြီးသူကိုရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနားဆိုတဲ့ မွန်မြတ်လှသော အလေ့အကျင့်တွေအပေါ် Online Media တွေ အသုံးချကာ လူငယ်တို့ရဲ့ ယဉ်ကျေးသိမ်မွေ့မှု အခြေခံစိတ်ဓာတ်တွေကို ဖျက်ဆီးခံခဲ့ရပါတယ်” ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၉) ရပ်ချမှတ် အကောင်အထည်ဖော်လျက်ရှိရာ “တိုင်းရင်းသား လူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက် လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး” ဟူသည့် လူမှုရေးဦးတည်ချက်တစ်ရပ်လည်း ပါဝင်သည်။

 

၁၉၉၃ ခုနှစ်မှစကာ ၂၀၁၆ ခုနှစ်အထိ နှစ်စဉ်ကျင်းပခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများမှ မျိုးဆက်သစ်အနုပညာရှင် အများအပြားပေါ်ထွက်လာပြီး မြန်မာ့ယဉ်ကျေးမှုအနုပညာများ ဆက်လက်ရှင်သန်ရေး လက်ဆင့်ကမ်းပေးနိုင်ခဲ့သည်။ ပြိုင်ပွဲကျင်းပမှု ရပ်ဆိုင်းသွားခဲ့သည့် ကာလများတွင်မူ မြန်မာ့ယဉ်ကျေးမှု နယ်ပယ်သည်ဘက်ပေါင်းစုံမှ နည်းပေါင်းစုံဖြင့် ထိပါးမှုများကို ခံခဲ့ရသည်။ စင်စစ် လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုကို ဖျက်ဆီးခြင်းသည်ထိုလူမျိုး၏ အမျိုးသား ဝိသေသလက္ခဏာကို ဖျက်ဆီးခြင်းဖြစ်ပြီး အနှစ်သာရအားဖြင့် လူမျိုးကိုဖျက်ဆီးခြင်းပင်ဖြစ်သည်ကို သတိပြုကြရမည်ဖြစ်သည်။ မိမိတို့နိုင်ငံသည် နှစ်ပေါင်းထောင်ချီ ကြာမြင့်ပြီဖြစ်သည့် ကိုယ်ပိုင်အမှတ်သရုပ် လက္ခဏာ၊ ကိုယ်ပိုင်ယဉ်ကျေးမှုတို့ ခိုင်ခိုင်မာမာ၊ မြင့်မြင့်မားမား ရှိထားပြီးဖြစ်သည့်အလျောက် လက်ဆင့်ကမ်းအမွေခံယူကာ ထိန်းသိမ်းစောင့်ရှောက်ကြရမည် ဖြစ်သကဲ့သို့ မျိုးဆက်သစ်များသို့လည်းပခုံးပြောင်းတာဝန်ပေးအပ် ကြရမှာဖြစ်သည်။

 

နေပြည်တော်တွင်ယနေ့စတင်ကျင်းပပြီဖြစ်သည့် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ ပြိုင်ပွဲဝင် ၂၀၀၀ ကျော်တို့ ယှဉ်ပြိုင်ရန် ရောက်ရှိနေကြပြီဖြစ်ပြီး မိမိတို့၏ အနုပညာအရည်အသွေးများကို အမြင့်မားဆုံးဖော်ထုတ် ပြသသွားကြတော့မည်ဖြစ်သည်။ နိုင်ငံတော်အဆင့်ကျင်းပသည့် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ခမ်းနားတင့်တယ်စွာ ပြင်ဆင်ထားသကဲ့သို့ ပြိုင်ပွဲဝင်အဖွဲ့များနှင့် ဒိုင်အဖွဲ့ဝင်များအတွက် နေထိုင်စားသောက်ရေး၊ ကျန်းမာရေး အစရှိသည်တို့အတွက်လည်း လိုလေသေးမရှိ ဖြည့်ဆည်းပေးထားသည့် အားလျော်စွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းစွာဖြင့် ပွဲဝင်ယှဉ်ပြိုင် အောင်ပန်းဆင်နိုင်ကြပါစေကြောင်း။ ။

 

မြန်မာ့အလင်း