မင်းဘူး    ဇူလိုင်        ၂၄

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ကာကွယ် ထိန်းသိမ်းစောင့်ရှောက်နိုင်စေရေးအတွက် (၁၉၉၈) ခုနှစ်မှစ၍ (၂၀၁၆)ခုနှစ်တိုင်အောင် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများအား (၂၂)ကြိမ်မြောက်အထိ ကျင်းပပေးနိုင်ခဲ့ပြီးဖြစ်ရာ မင်းဘူးခရိုင်အဆင့် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဇူလိုင်လ ၂၃ ရက်၊ ယမန်နေ့ နံနက် ၈ နာရီအချိန်က မင်းပူးဦးသြဘာသ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး၊ ဦးစွာ မင်းဘူးခရိုင်အဆင့် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာ နိုင်ငံ တိုင်းမှာ မိမိနိုင်ငံရဲ့ ယဉ်ကျေးမှု၊ စာပေ၊ အနုပညာရပ်များ ရှိနေကြတာဖြစ်တဲ့အတွက် မပျောက်ပျက် စေရေး လက်ဆင့်ကမ်းထိန်းသိမ်းကြရမှာ လက်ရှိလူငယ်များရဲ့ အဓိကတာဝန်တစ်ရပ်ဖြစ်ပါကြောင်း၊ ယနေ့ခေတ် (၂၁)ရာစု IT နည်းပညာဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ အနောက်တိုင်းယဉ်ကျေးမှုက မြန်မာ ယဉ်ကျေးမှုများအား တိုးဝင်ပွတ်တိုက်ကာ ယဉ်ကျေးမှုအမွေအနှစ်များ ပျောက်ကွယ်လုနည်းပါး ကြုံတွေ့ နေရပြီဖြစ်ပါကြောင်း၊ ဒါကြောင့် တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ကာကွယ် ထိန်းသိမ်းစောင့်ရှောက်နိုင်စေရေးအတွက် ယခုပြိုင်ပွဲကို ရည်ရွယ်ချက်(၅)ရပ်နှင့် ကျင်းပဆောင်ရွက် ရခြင်းဖြစ်ပါကြောင်း၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ကျင်းပပြုခြင်းဖြင့် အမျိုးဘာသာ သာသနာနှင့် မိမိတို့၏ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ မပျောက်ပျက်စေရေး ရှေးဟောင်းအမွေ အနှစ်များကို ထိန်းသိမ်းစောင့်ရှောက် လက်ဆင့်ကမ်းရင်း နှစ်ပေါင်းထောင်နှင့်ချီ၍ ဖြစ်တည်ခဲ့သော ယဉ်ကျေးမှုများနှင့် မြန်မာဟူသောဂုဏ်၊ မြန်မာသုခုမအနုပညာတို့၏ဂုဏ်၊ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာဓလေ့ အနုပညာယဉ်ကျေးမှုဂုဏ်တို့ကို ဖော်ဆောင်ထိန်းသိမ်းနိုင်ကြစေလိုပါကြောင်း စသည်ဖြင့် ပြောကြားပြီး ဧည့်ခံဖျော်ဖြေရေး အစီအစဉ်များကို ကြည့်ရှုအားပေးကာ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။

မင်းဘူးခရိုင်အဆင့် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ခရိုင်အတွင်းရှိ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲနှင့် စေတုတ္တရာ မြို့နယ်များမှ ဝါသနာရှင်အဆင့်နှင့် အခြေခံပညာအဆင့် ကျောင်းများမှ အသက် (၁၀နှစ်မှ ၂၀နှစ်) အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား လက်ရွေးစင်ရွေးချယ်၍ အကပြိုင်ပွဲတွင် ကဗျာလွတ်၊ ကာလပေါ်၊ အဆိုပြိုင်ပွဲတွင် ကာလပေါ်၊ မဟာဂီတ၊ ကွက်စိပ်၊ အတီးပြိုင်ပွဲတွင် အိုးစည်၊ နှဲ၊ စောင်း၊ ဆိုင်း (အဖွဲ့လိုက်)၊ ဆိုင်း(တစ်ဦးချင်း)နှင့် အရေးပြိုင်ပွဲ တို့ပါဝင်ပြီး ပြိုင်ပွဲဝင်အမျိုးအစားပေါင်း (၉)မျိုးဖြင့် (၁၃၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းဝင်းထံမှ သိရသည်။

ထို့နောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများအားလုံးအပြီးတွင် ည ၇ နာရီအချိန်၌ ဆုပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အမျိုးအစားပေါင်း (၉)မျိုး၌ ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆုနှင့် နှစ်သိမ့်ဆုရရှိကြသူများအား ဆုများကို အသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)