နေပြည်တော် ဒီဇင်ဘာ ၈
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ (၁၆) ကြိမ်မြောက် ပန်းချီ၊ ပန်းပု လက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ် စင်တင် တင်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ အမျိုးသားဇာတ်ရုံ၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို တက်ရောက် အားပေးသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပါမောက္ခချုပ် ဦးအောင်ဆန်းဦးနှင့် ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာတို့၏ ရှည်လျားလှသည့် သမိုင်းကြောင်းတစ်လျောက် အဓွန့်ရှည် တည်တံ့လျက်ရှိသော အနုသုခုမ ပညာရပ်များသည် ယနေ့ထက်တိုင် ခိုင်မြဲလျက်ရှိနေကြောင်း၊ ယခုကဲ့သို့ ခိုင်မြဲနေခြင်းသည်လည်း လူငယ်မျိုးဆက်သစ်များက မြန်မာ့အနုသုခုမ ပညာရပ်များကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ခဲ့သောကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိဝါသနာပါရာ အနုပညာရပ်များဖြင့် အနာဂါတ်တွင် မိမိနိုင်ငံ မိမိလူမျိုး၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ပြီး အမျိုးသားရေးလက္ခဏာများ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာများကို မပျောက်ပျက်အောင် ကာကွယ်စောင့်ရှောက်သွားကြရန် တိုက်တွန်းလိုကြောင်း၊ ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပါကွယ် ပျောက်သွားမည်ဖြစ်၍ အမိတက္ကသိုလ်ကြီးက သင်ကြားပေးလိုက်သည့် အနုပညာရပ်များကို စနစ်တကျ လက်ဆင့်ကမ်း ထိန်းသိမ်း စောင့်ရှောက်သွားကြရန်နှင့် ယဉ်ကျေးမှုကိုယ်ခံအား တောင့်တင်းခိုင်မာအောင် ဆောင်ရွက်သွားကြရန် အလေးအနက် မှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုက ဂုဏ်ပြုအမှာစကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ်ပညာရပ်များကို သင်ကြားခဲ့သော ကျောင်းသား၊ ကျောင်းသူများ၏ စင်တင်တင်ဆက်မှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) တွင် မြန်မာ့ယဉ်ကျေးမှု အနုသုခုမပညာရပ်များကို သင်ကြားပေးခဲ့သည်မှာ (၂၁) နှစ်တိုင်ရှိခဲ့ပြီဖြစ်ကာ ဘွဲ့နှင်းသဘင် အခမ်းအနားကို (၁၅) ကြိမ် ကျင်းပခဲ့ပြီး ဝိဇ္ဇာဘွဲ့ (၇၁၂) ဦး၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ (၁၇၈) ဦး၊ ဘွဲ့လွန်အနုပညာဒီပလိုမာ (၂၇၇) ဦး၊ ဂုဏ်ထူးဆောင်ဝိဇ္ဇာဘွဲ့ (၁၉) ဦး၊ မဟာဝိဇ္ဇာဘွဲ့ (၃၉) ဦး၊ ဂုဏ်ထူးဆောင်မဟာဝိဇ္ဇာဘွဲ့ (၁၈) ဦး၊ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (၄) ဦး၊ ဘွဲ့လွန်စာကြည့်တိုက် ဒီပလိုမာ (၁၀၇) ဦး စုစုပေါင်း (၁၃၅၄) ဦးကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များတွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေ အနှစ်များဖြစ်သည့် ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပုပညာရပ်များကို လက်ဆင့်ကမ်း ထိန်းသိမ်းသွားနိုင်စေရန် ရည်ရွယ်ချက်ဖြင့် သင်ကြားပေးလျှက်ရှိသကဲသို့ နိုင်ငံတကာ၏ အနုပညာမျက်နှာစာတွင် အထင်ကရဖြစ်သည့် ခေတ်နှင့်အညီ ဖြစ်ထွန်းနေသော ရုပ်ရှင်နှင့် ပြဇာတ်ပညာရပ်များကိုပါ သင်ကြားပေးလျက်ရှိသည်။
ညနေပိုင်းတွင် အနုပညာအထက်တန်းကျောင်း (မန္တလေး) ပန်တျာနှင့်ပန်းချီ၊ ပန်းပုဌာနတို့တွင် တက်ရောက်သင်ကြားနေသော ကျောင်းသား ကျောင်းသူများအတွက် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မိသားစုက စက်ဘီးများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို အမျိုးသားကဇာတ်ရုံ (မန္တလေး) တွင် ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်နှင့် ဆရာဆရာမများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ကျောင်းသား ကျောင်းသူ (၂၀) ကို စက်ဘီးများ ပေးအပ်လှူဒါန်းပြီး ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။