နေပြည်တော်၊ ဧပြီ ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်တာဝန်ယူသည့်ကာလ၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)နှင့် (မန္တလေး) တို့သည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားတို့၏ ရိုးရာဂီတနှင့် အကဘာသာရပ်များကို သက်ဆိုင်ရာ တိုင်းရင်းသားကျွမ်းကျင်ပညာရှင်များဖြင့် အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ်များ၌ သင်ကြားပို့ချနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိသည်။
ထို့သို့ဆောင်ရွက်ရာတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)သည် ကရင်၊ မွန်၊ ရခိုင် တိုင်းရင်းသား(၃)မျိုးတို့၏ ရိုးရာဂီတနှင့် အကဘာသာရပ်များကို လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)သည် ကချင်၊ ကယား၊ ချင်း၊ ရှမ်း တိုင်းရင်းသား(၄)မျိုးတို့၏ ရိုးရာဂီတနှင့် အကဘာသာရပ်များကို လည်းကောင်း သင်ကြားပို့ချနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး အဆိုပါ တိုင်းရင်းသားတို့၏ ရိုးရာဂီတနှင့် အကဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများ ခန့်ထားရန်အတွက် ဝန်ထမ်းဖွဲ့စည်းပုံကိုလည်း တင်ပြခွင့်ပြုချက် ရရှိခဲ့ပြီးဖြစ်သည်။
ယခုအခါ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ကိုယ်စားလှယ်အဖွဲ့ သည် သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့တို့၏ အကူအညီဖြင့် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု အဖွဲ့များနှင့် သွားရောက်တွေ့ဆုံ၍ တိုင်းရင်းသားတို့၏ ရိုးရာဂီတနှင့် အကဘာသာရပ်များ သင်ကြား ပို့ချနိုင်ရေး သင်ရိုးညွှန်းတမ်း ပြုစုရေးဆွဲရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)သည်လည်း သင်ရိုးညွှန်းတမ်း ပြုစုရေးဆွဲရန်အတွက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)