မန္တလေး ၆ မေ

 

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးနှင့် တိုးတက်ပြန့်ပွားရေးကိုဆောင်ရွက်ရန်၊ မြန်မာ့အနုသုခုမပညာ တိုးတက်ပြန့်ပွားရေးနှင့် ထူးချွန်သောအနုပညာရှင်များ ပေါ်ထွန်းရေးတို့အတွက် သုတေသနနှင့် လေ့ကျင့်ပျိုးထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ ပြည်ထောင်စု စိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးကို အထောက်အကူပြုနိုင်ရေး၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို ဖော်ထုတ်မြှင့်တင်၍ သင်ကြားပို့ချနိုင်ရေးဆောင်ရွက်ရန်၊ အကျင့်စာရိတ္တနှင့် ကိုယ်ကျင့်တရား ကောင်းမွန်သော ခေတ်ပညာတတ် အနုပညာရှင်ကောင်းများ မွေးထုတ်ပေးနိုင်ရန်စသော ရည်မှန်းချက်များနှင့်အညီ လူမှုယဉ်ကျေးမှု အသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အချင်း ပြည့်ဝသည့် အနုသုခုမဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်များကို မွေးထုတ်ပေးနိုင်သည့် နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်ဖြစ်စေရန် မျှော်မှန်းလျက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)ကို ၂၀၀၁ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် စတင်ဖွင့်လှစ်၍ ဘွဲ့ကြို နှင့်ဘွဲ့လွန်တန်းများကို သင်ကြားပို့ချလျက်ရှိသည်။

 

သို့ရာတွင် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်၏ ပထမနှစ်ဝက် စာမေးပွဲများကို ၂၀၂၀ ပြည့်နှစ် မတ်လအတွင်းကျင်းပခဲ့ပြီး ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် တက္ကသိုလ်သင်တန်းများကို ၂၀၂၀ ပြည့်နှစ် မတ် ၂၄ ရက်မှစတင်၍ ယာယီရပ်နားထားခဲ့ရသည်။

 

ယခုအခါ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၏ ဒုတိယနှစ်ဝက် သင်တန်းကာလ မဟာဝိဇ္ဇာတန်းများနှင့် ဘွဲ့လွန်အနုပညာဒီပလိုမာတန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်၊ တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ၂၀၂၁ ခုနှစ် ဇွန် ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်