ရန်ကုန် ၁၆   ဒီဇင်ဘာ

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ သဘင်ပညာဌာန လေဘာတီအလွမ်းပြေ အငြိမ့်ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ ကျောင်းသားကျောင်းသူများ၏ အငြိမ့်အဖွဲ့ပေါင်း ၁၁ ဖွဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

သဘင်ပညာဌာန၏ အနုပညာစွမ်းရည်ပြသသော ပြိုင်ပွဲအခမ်းအနားတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနု ပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဉီးအောင်နိုင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး သဘင်ပညာ ဌာနမှ ပါမောက္ခ(ဌာနမှူး) ဉီးခိုင်ထွန်းက ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ဆက် လက်၍ ပြိုင်ပွဲကျင်းပရေးကော်မတီမှ ကထိက ဒေါ်ဝင်းဝင်းမြင့်က ပြိုင်ပွဲကျင်းပစည်းကမ်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး လေဘာတီအလွမ်းပြေအငြိမ့်ပြိုင်ပွဲကို ကျောင်းသားကျောင်းသူများက အဖွဲ့လိုက်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

အငြိမ့်ပြိုင်ပွဲ ကျင်ပရခြင်းအကြောင်းနှင့်ပတ်သက်၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်) သဘင်ပညာဌာန ပါမောက္ခ(ဌာနမှူး)ဉီးခိုင်ထွန်းကကျွန်တော်တို့တက္ကသိုလ်ရဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ သဘင်ပညာဌာနရဲ့ အနုပညာစွမ်းရည်ပြပြိုင်ပွဲဆိုတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါက နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ အမေလေဘာတီ ဒေါ်မြရင်ရဲ့အငြိမ့်ကဟန်တွေ၊ အငြိမ့်တေးသီချင်းတွေကို ကျွန်တော်တို့ ပြန်လည်ဖော်ထုတ်လိုတဲ့စေတနာရယ်၊ ကျွန်တော်တို့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ရဲ့ အငြိမ့်သဘင် ပြန်လည်ထွန်းကားလာရေးဆိုတဲ့ ရည်ရွယ်ချက်ရယ်၊ မျိုးဆက်သစ် အနုပညာရှင်လူငယ်တွေကြားမှာ လေဘာတီဒေါ်မြရင်ရဲ့ အငြိမ့်တေးသီချင်းတွေ၊ လေဘာတီဒေါ်မြရင်ရဲ့ အနုပညာ အငွေ့အသက်တွေကို ထိန်းသိမ်းစေလိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီနေ့ပြိုင်ပွဲကြီးကို ကျင်းပခြင်း ဖြစ်ပါ တယ်ဟု ပြေကြားခဲ့သည်။

အငြိမ့်ပြိုင်ပွဲသို့ အဖွဲ့ ၁၁ ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တစ်ဖွဲ့လျင် မင်းသမီးတစ်ဉီးနှင့် လူရွှင်တော် နှစ်ဉီးစီ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ ယှဉ်ပြိုင်ချိန်ကို မိနစ် ၂၀ သတ်မှတ်ထားပြီး  လေဘာတီဒေါ်မြရင်၏ ကြိုက်နှစ်သက်ရာတေးသီချင်းဖြင့် ယှဉ်ပြိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲများအပြီးတွင် ဆုများဆက်လက်ချီးမြှင်ခဲ့ရာ အဖွဲ့လိုက် ပထမဆုကို ကြယ်စင်ခိုင်အဖွဲ့ကလည်းကောင်း၊ အဖွဲ့လိုက် ဒုတိယဆုကို မဟူရာအဖွဲ့ကလည်းကောင်း၊ အဖွဲ့လိုက် တတိယဆုကို ဆန်းမုဒြာအဖွဲ့က လည်းကောင်း၊ ခွန်းတောက်အကောင်းဆုံးဆုကို မောင်အာကာထက်၊ လူရွှင်တော်အကောင်းဆုံးဆုကို မောင်ဇင်ကိုဉီးနှင့် မောင်ပြည့်စုံအောင်၊ မင်းသမီးအကောင်းဆုံးဆုကို မနန်းစန်းပွင့်အေးတို့က လည်းကောင်း၊ နှစ်သိမ့်ဆု() ကို ဧကရီသိမ့်အဖွဲ့ကလည်းကောင်း၊ နှစ်သိမ့်ဆု ()ကို နရီလင်္ကာအဖွဲ့ကလည်းကောင်း၊ နှစ်သိမ့်ဆု ()ကို သုံးပွင်တစ်ခိုင်အဖွဲတို့က လည်းကောင်း အသီးသီးရရှိခဲ့ကြသည်။

ထင်ပေါ်ဝင်း(ကမာရွတ်) ဓာတ်ပုံ - လင်းညွန့်