အမျိုးသားယဉ်ကျေးမှုရတနာသိုက် အမျိုးသားပြတိုက်

နန္ဒမင်းလွင်

 

နေပြည်တော်သို့ အလုပ်ကိစ္စများဖြင့် အကြိမ်ကြိမ်အခါခါရောက်ခဲ့ဖူးသည်။ အမျိုးသားပြတိုက်ကြီး တည်ရှိသည့် ရာဇသင်္ဂဟလမ်းမကြီးပေါ်မှ ဖြတ်သန်းကာ အခါခါသွားရောက်ခဲ့သော်လည်း ဝင်ရောက်လေ့လာခြင်း မပြုဖြစ်ခဲ့ချေ။ သမိုင်းသုတေသနတို့ကို ဝါသနာထုံသူဖြစ်၍ အမျိုးသားပြတိုက်ကြီးကို ဝင်ရောက်လေ့လာရန် စိတ်ကူးရှိသော်လည်း အလုပ်ကိစ္စများနှင့် အပြေးအလွှားသွားလာရသူဖြစ်၍ တစ်ကြိမ်တစ်ခါမျှ မဝင်ရောက် ဖြစ်ခဲ့ချေ။

 

ယခုနှစ် ဒီဇင်ဘာလထဲတွင် အလုပ်စာမေးပွဲတစ်ခု ဖြေဆိုရန်အတွက် သမီးကို နေပြည်တော်သို့လိုက်ပါပို့ ဆောင်ဖြစ်သည်။ စာမေးပွဲက နံနက် ၁၁ နာရီတွင် ပြီးစီးသွားသော်လည်း ကားလက်မှတ်က ညနေ ၅ နာရီမှ ထွက်ခွာပြေးဆွဲမည့်ယာဉ်ကိုသာ ရရှိခဲ့သည်။ သို့ဖြစ်၍ အချိန်ရနေသဖြင့် ဥပ္ပါတသန္တိစေတီတော်ကြီးသို့ သွားရောက်ဖူးမြော်ဖြစ်ကြပါသည်။ စာရေးသူအနေဖြင့် ဥပ္ပါတသန္တိစေတီတော်ကြီးကို ယခင်က မဖူးမြော်ဖြစ်ခဲ့ ပါ။ ယခုအခေါက်သည် ပထမဆုံးသွားရောက်ဖူးမြော် ခြင်းသာဖြစ်သည်။ နေကပူနေသဖြင့် အရှေ့ဘက်မုခ် ဓာတ်လှေကားမှ ကုန်းတော်အထက် ဘုရားရင်ပြင်တော်ပေါ်သို့ တက်ရောက်ဖူးမြော်ကြပါသည်။ စေတီတော်ကြီးသည် အလယ်ဗဟိုတွင် မဏ္ဍိုင်ပြုကာ လိုဏ်ဂူတော်ကြီးအဖြစ် တည်ထားခြင်းဖြစ်သည်။ စေတီတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကို ဦးချကန်တော့ပြီးသည့်နောက်တွင် မျက်လုံးများက အတွင်းနံရံများတွင် အခန်းလိုက် ပြသထားသည့် ကျောက်ဆစ်မဟာဗုဒ္ဓဝင်ဖောင်းကြွ ပန်းချီကားချပ်ကြီး များဆီသို့  အကြည့်က ရောက်ရှိသွားတော့သည်။

 

မဟာဗုဒ္ဓဝင်ဇာတ်တော်ကြီး

 

လှပတင့်တယ်လိုက်ပါဘိ။ ကြီးမားသည့် စကျင်ကျောက်ဖြူချပ်ကြီးများကို ကျောက်ဆစ်ပညာဖြင့် ဖောင်းကြွ ပန်းချီကားများသဖွယ် အနုစိတ်သရုပ်ဖော် ဖန်တီးထားခြင်းဖြစ်သည်။ မဟာဗုဒ္ဓဝင်ဇာတ်တော်ကြီးကို ဘုရားအလောင်းတော် နတ်သား နတ်သက်ကြွေ၍ မယ်တော်မာယာဒေဝီထံ ပဋိသန္ဓေယူသည်မှအစ ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူ၍ ဓာတ်တော်ဝေခန်း၊ အောင်ခြင်းရှစ်ပါးဇာတ်ကွက်များ၊ ထိုမှ သင်္ဂါယနာ တင်ခန်းများ၊ မြန်မာပြည်သို့ သာသနာတော်ရောက်ရှိလာပုံအထိ အနုစိတ်သရုပ်ဖော်ထုဆစ်ထားသည်မှာ အံ့ချီးဖွယ်ရာပင်။ ကျောက်ဆစ်ပန်းချီကားများကို ကြည့်ရှုလိုက်သည့်အခါ စာရေးသူတို့ငယ်စဉ်က အလွန် နှစ်ခြိုက်သဘောကျမိလှသည့် မြန်မာ့ပန်းချီကျော်ပန်းချီဆရာကြီး ဦးဘကြည်၏ နာမည်ကျော် ရုပ်စုံဗုဒ္ဓဝင် ပန်းချီကားများကို အခြေခံကာ ကျောက်ဆစ်ပညာဖြင့် အနုစိတ်ထုဆစ်ထားခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။ စာရေးသူသည် ရှုမငြီးနိုင်အောင် လှပတင့်တယ် ကြည်ညိုဖွယ်ရာရှိလှသည့် ကျောက်ဆစ် ဖောင်းကြွ မဟာဗုဒ္ဓဝင် ပန်းချီကားကြီးများကို မျက်စိက မခွာနိုင်အောင်ဖြစ်မိရင်း မဟာဗုဒ္ဓဝင်ပြတိုက်ကြီးအတွင်း ရောက်ရှိနေသကဲ့သို့ပင် ခံစားမိလိုက်သည်။

 

ဥပ္ပါတသန္တိစေတီတော်ကြီးတွင် အချိန်ယူကာ ဖူးမြော်လေ့လာပြီးနောက် အမျိုးသားပြတိုက်ကြီးဆီသို့ ခရီးဆက်ခဲ့ကြသည်။ ခမ်းနားထည်ဝါလှသည့် ပြတိုက်ကြီးသို့ဝင်ရောက်လိုက်လျှင် လုံခြုံရေးအမှုထမ်းများက ဖော်ရွေရင်းနှီးစွာ ကြိုဆိုကြသည်။ သမီး၏ လက်ကိုင်အိတ်ကိုတော့ ပြတိုက်အတွင်းသို့ ယူဆောင်ခွင့်မပြုသဖြင့် အဝင်ဝတွင် တည်ရှိသည့် သိုလှောင်ခန်းထဲတွင် သိမ်းဆည်းသော့ခတ်ထားခဲ့ရသည်။ အဝင်ခန်းမကြီး အလယ်တွင် ကြီးမားထည်ဝါလှပသည့် ဆွမ်းအုပ်ကြီးကို တွေ့လိုက်ရသည်။ ကောင်တာသို့သွားရောက်ကာ ပြတိုက်ဝင်ကြေးဖြတ်လိုက်ပါသည်။ အမျိုးသားပြတိုက် ဝင်ကြေးမှာ နိုင်ငံခြားသားတစ်ဦးလျှင် ကျပ် ၅၀ဝ၀ သတ်မှတ်ထားပြီး နိုင်ငံသား(လူကြီး)တစ်ဦးလျှင် ကျပ် ၅၀ဝ ဖြစ်သည်။ ကျောင်းသားများ၊ သံဃာ၊ သီလရှင်များကို အခမဲ့ဝင်ခွင့်ပြုထားသည်။ ပြတိုက်ဖွင့်ချိန်အဖြစ် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအထိ ခွင့်ပြုထားပြီး တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များကိုသာ ပြတိုက်ပိတ်ရက်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

 

ပြခန်း ၁၂ ခန်း ခင်းကျင်းပြသထား

 

Pamphlet တွင် အမျိုးသားပြတိုက်ကြီး၏အကြောင်း ရေးသားထားသည်များကို ဖတ်ရှုကြည့်မိသည်။ အမျိုးသားပြတိုက်(နေပြည်တော်) ကို ဥတ္တရသီရိမြို့နယ် ကုမုဒြာပန်းအဝိုင်းအနီး၊ ရာဇသင်္ဂဟလမ်းမကြီးပေါ် တွင် တည်ရှိပြီး ၃၅ ဒသမ ၁၉ ဧက ကျယ်ဝန်းသည်။ ခေတ်မီသံကူကွန်ကရစ် တစ်ထပ်အဆောက်အအုံ ဖြစ်ပြီး (၃-၆-၂၀၁၀) ရက်နေ့တွင် ပန္နက်ချတည်ဆောက်ခဲ့ကာ အဆောင်(အေ၊ ဘီ၊ စီ၊ ဒီ နှင့် အီး) ဟူသည့် အဆောင်ငါးဆောင်နှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ အဆောင်(အေ)တွင် ပြခန်းတစ်ခန်း အဆောင်(ဘီ)တွင် ပြခန်းခြောက်ခန်း၊ အဆောင်(စီ)တွင် ပြခန်းတစ်ခန်းနှင့် အဆောင်(ဒီ)တွင် ပြခန်းလေးခန်း စုစုပေါင်းပြခန်း ၁၂ ခန်း ခင်းကျင်းပြသထားကြောင်း သိရသည်။

 

ဧည့်ကြိုဝန်ထမ်းများက ပြတိုက်ကို ရောက်ရှိဖူးသလားဟု မေးမြန်းပါသည်။ စာရေးသူက ပထမဆုံး လာရောက်လေ့လာကြည့်ရှုခြင်းဖြစ်ကြောင်း ပြောပြသည့်အခါ လမ်းညွှန်လက်ကမ်းစာစောင် ပေးလိုက်ပါသည်။ ထို့နောက် လုံခြုံရေးမှူးစစ်ဆေးရေးဂိတ်ပေါက်ကို ကျော်ဖြတ်ကာ အခန်း(အေ)လက်ဆောင်ပစ္စည်း ပြခန်းအတွင်းသို့ ဝင်ရောက်လေ့လာဖြစ်ကြသည်။ လက်ဆောင်ပစ္စည်းများပြခန်းတွင် နိုင်ငံအသီးသီးတို့မှ နိုင်ငံတော်သမ္မတကြီးများထံ ချစ်ကြည်ရေးလက်ဆောင်အဖြစ် ပေးအပ်လိုက်သည့် လက်ဆောင်ပစ္စည်းများကို တခမ်းတနား ပြသထားသည်။ နိုင်ငံအသီးသီးတို့မှ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ချစ်ကြည်ရေးလက်ဆောင်အဖြစ် ပေးအပ်ထားသည့် ပစ္စည်းများဖြစ်၍ အကောင်းမွန်ဆုံးဖြစ်အောင် ဖန်တီးထားသည်ကို တွေ့ရှိရသည်။

 

222 Capture.

 

သီဟာသနပလ္လင်တော်ကြီး

 

အမှတ်တရလက်ဆောင်ပစ္စည်းများပြခန်းဆောင်မှ အခန်း-စီရှိ သီဟာသနပလ္လင်ပြခန်းဆောင်သို့ ကူးခဲ့ကြသည်။ မြန်မာ့ပဒေသရာဇ်မင်းတို့၏ မင်းခမ်းတော်ဝင် သီဟာသနပလ္လင်တော်ကြီးမှာ ခန်းမဆောင်ကြီးအလယ်တွင် တင့်တယ်စွာ တည်ရှိနေသည်။ သီဟာသန ပလ္လင်တော်ကြီး၏ဘေးဝဲ/ယာတွင် ကနက္ကဒါန်၊ သူရိယ၊ ပဒုမ၊ သမ္မုတိ၊ ကမ္ဗု၊ သမုဒ္ဒဇာ၊ ဝိသကြုံ ဟူသည့် မင်း ခမ်းတော်ဝင်ထီးဖြူတော်ကြီးများကို စိုက်ထူထားသည်။ ပလ္လင်တော်ရှေ့တွင် ယပ်မားတော်၊ နဂါးပျော့၊ ဘီလူးဝါ၊ ဆင်နီ၊ ဂဠုန်ဖြူ၊ ခြင်္သေ့စိမ်း၊ မျောက်ရွှေ၊ ဒေါင်းနက် ဟူသည့် မင်းခမ်းအလံတော်စုံများကို စိုက်ထူထားသည်။

 

ခန်းမဆောင်၏ ဘေးနံရံပတ်လည်တွင် လက်ဝဲ မင်းခမ်းတော်၊ လကျာ်မင်းခမ်းတော်သုံး လက်တင်ကြာ၊ ကွမ်းခွက်တော်၊ ခြင်္သေ့ခံကွမ်းခွက်တော်၊ ကွမ်းလောင်း တော်ငယ်၊ စလင်းမြောင်တော်၊ ကျပ်လျားတော်၊ ခြေနင်း တော်၊ ဖိနပ်တော်၊ သားမြီးယပ်တော်၊ သန်လျက်တော်၊ တောင်ဝှေးတော်၊ ခြင်္သေ့ခံကရားတော်၊ မြူတာတော်၊ မေးထောက်တော်၊ ကျီးခြေတော်၊ အိုးပစ်တော်၊ ကွမ်းချပ်တော်၊ ကွမ်းလောင်းတော်ကြီး၊ စလင်းကြာငယ်၊ စလင်း ကြာကြီး၊ နဂါးခံကွမ်းခွက်၊ ရှစ်ထောင့်ကွမ်းခွက်၊ ပန်း တောင်းကြီး၊ မြူတာတော်၊ တကောင်းတော်၊ သောက်ရေ တင်တော်၊ မကရ်းကရားတော်၊ နန်းဘွဲ့အုပ်တော်များကို ခင်းကျင်းပြသထားသည်။

 

သီဟာသနပလ္လင်ပြခန်းဆောင်သည် ရှေးမြန်မာ ဘုရင်များ၏ မင်းခမ်းတော်ဝင်ပစ္စည်းများကို ခင်းကျင်းပြသ ထားသဖြင့် ခမ်းနားထည်ဝါလှပါသည်။ စိတ်ကူးထဲတွင် ဘုရင်မင်းမြတ်က သနားတော်မူသည့် အိမ်ရှေ့မင်း၊ မင်းညီမင်းသား၊ မိဖုရား၊ မှူးမတ်တို့၏ အဆောင်အယောင်များဖြစ်သည့် ဝေါပြာသာဒ်တော်၊ ဝေါပလာတော်၊ ယာဉ်တော်၊ ကျိုင်းတော်၊ ထီးတော်၊ ဓားတော်တို့ကိုလည်း ခင်းကျင်းပြသနိုင်လျှင် ကောင်းလေစွဟု တွေးလိုက်မိသည်။

 

သီဟာသနပလ္လင်ပြခန်းကို လေ့လာပြီးသည့်အခါ အဆောင်ဘီ(၁)တွင် တည်ရှိသည့် ပရိုင်းမိတ်နှင့် ကျောက်ဖြစ် ရုပ်ကြွင်း ပြခန်းဆောင်သို့ ဝင်ရောက်လိုက်သည်။ ပုံတောင်ပုံညာဒေသနှင့် ဧရာဝတီကျောက်လွှာစုမှ သစ်ပင်ဆိုင်ရာ ကျောက်ဖြစ်ရုပ်ကြွင်းများပြကွက်၊ မြန်မာနိုင်ငံတွင် တွေ့ရှိရသောပရိုင်းမိတ်ကျောက်ဖြစ် ရုပ်ကြွင်းများ ပြကွက်၊ ဧရာဝတီကျောက်လွှာစုမှ တွေ့ရှိရသော ကျောက်ဖြစ်ရုပ်ကြွင်းများပြကွက်နှင့် မြစ်ကမ်းဆင့်နှင့် ရှမ်းပြည်နယ်ရှိ လိုဏ်ဂူများမှ တွေ့ရှိရသော ကျောက်ဖြစ်ရုပ်ကြွင်းများပြကွက်တို့ကို ခမ်းနားစွာ ပြင်ဆင်ပြသထားသည်။ ဤပြခန်းကို ကြည့်ရှုရင်း မုံရွာမြို့နယ် ရွှေမြင်တင်တောင်ရိုး နွယ်ခွေရွာ၏ အရှေ့မြောက်ဘက်၊ ဒင်္ဂါးကုန်းမှ ဘူမိဗေဒပညာရှင်ဆရာကြီး ဦးဘမော်တို့ တွေ့ရှိခဲ့သည့် လွန်ခဲ့သည့်နှစ် ၂၀ဝဝဝ၀ခန့် သက်တမ်းရှိသည့်  (Burma Man)ဟု အမည်ပေးထားသည့် ရှေးဦးလူ၏ မေးရိုးအစိတ်အပိုင်း တစ်ခုကို ရရှိခဲ့သည့်အကြောင်းကို ပြန်လည်သတိရမိသည်။

 

သုတေသနပညာရှင်များကို လေးစားမိ

 

ပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ြွကင်းပြခန်းဆောင်မှထွက်ခွာ၍ သမိုင်းမတင်မီခေတ်ပြခန်းသို့ ဝင်ခဲ့ကြသည်။ ပြဒါးလင်းဂူပုစံတူ၊ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်လက်နက်များ၊ ကြေးခေတ်ယဉ်ကျေးမှု ထွန်းကားခဲ့သည့် ပျော်ဘွယ်မြို့နယ် ကြို့ကုန်းတူးဖော်မှု ပုံစံတူပြကွက်များ စသည့်ပြကွက် ၁၅ ကွက်ကို ပြသထားသည်။ ရှေးဦးလူမိသားစု၏ပုံတူနှင့် ပြဒါးလင်း ဂူပုံစံတူတို့က သရုပ်ပီပြင်လှသည်။ ကျောက်ကွင်းများ၊ အတက်ပါမြေအိုး၊ ရောင်စုံ ကျောက်ပုတီးစေ့များ၊ ကြေးလှံသွား၊ ကြေးပုဆိန်၊ အရိုးပုတီး၊ ကြေးလက်ကောက်နှင့် မြေကျင်သီးများကို ပြသထားသည်။ ညောင်ကန်ကြေးခေတ်ယဉ်ကျေးမှုဒေသသို့ ကိုယ်တိုင်သွားရောက် လေ့လာခဲ့ဖူးသူဖြစ်၍ ကြေးခေတ်သမိုင်းကွင်းဆက်ပြတ်နေမှုကို ဖော်ထုတ်ပေးနိုင်ခဲ့ကြသည့် သုတေသန ပညာရှင်များကို လေးစားမိသည်။

 

သမိုင်းတင်ခေတ်ဦးပြခန်းမှထွက်၍ အခန်း၊ ဘီ (၃)တွင် ပြသထားသည့်မြန်မာ့ပန်းချီပြခန်းသို့ ဝင်ရောက် လေ့လာကြသည်။ ပန်းချီပြခန်းတွင် မြန်မာ့ပန်းချီ ဆင့်ကဲဖြစ်ပေါ်လာပုံကို ကျောက်ခေတ်ပြဒါးလင်းဂူအတွင်းရှိ နံရံပန်းချီရုပ်ကြွပုံမှ ပုဂံခေတ်၊ ပင်းယ၊ အင်းဝခေတ်၊ ညောင်ရမ်းခေတ် နံရံဆေးရေးပန်းချီများ၊ ပုရပိုက်ပန်းချီများ၊ ပန်းချီတော်ဆရာခြုံ၊ ဆရာခ အစရှိသော ရှေးခေတ်ပန်းချီဆရာကြီးများ၏ လက်ရာများ၊ ဆရာကြီး ဦးစောမောင်၏ လက်ရာ နိပါတ်တော်ပန်းချီကားများ၊ ဆရာကြီးဦးဘဉာဏ်၊ ဆရာကြီးဦးငွေကိုင်၊ ဆရာကြီး ဦးဘကြည်၊ ဦးချစ်မြဲ၊ ဆရာပေါ်ဦးသက်၊ ဆရာကြီး ဦးလွန်းကြွယ် စသည့်ခေတ်ပြိုင်ပန်းချီဆရာများ၏ လက်ရာများကို ခင်းကျင်းပြသထားသည်။

 

မြန်မာ့ပန်းချီပြခန်းနှင့် မျက်နှာချင်းဆိုင် အခန်းဘီ(၄) တွင် မြန်မာ့အနုသုခုမပြခန်း တည်ရှိသည်။ အဝင်ဝတွင် မြန်မာ့ဆိုင်းဝိုင်းကြီးက ကြိုဆိုနေသည်။ မြန်မာ့တူရိယာဆိုင်းဝိုင်းတီးခတ်ဖျော်ဖြေသံက ကြည်နူးဖွယ် လွင့်ပျံ့နေသည်။ ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ် အစရှိသည့်တူရိယာပစ္စည်းအမျိုးမျိုးကို တွေ့ရှိရသည်။

 

မြန်မာ့စောင်း၊ မွန်လခြမ်းတူရိယာ၊ ကရင်ဖားစည်၊ ရှမ်းအိုးစည်၊ ကရင်ဗျတ်စောင်း၊ ထားဝယ်တယော၊ ရခိုင်မင်္ဂလာစည်တော်၊ မနောနှဲ၊ ငြင်းတူရိယာ စသည့် တိုင်းရင်းသားတို့၏ အမှတ်တံဆိပ်သင်္ကေတတူရိယာများ၊ ရုပ်သေးသဘင်နှင့် မြန်မာ့ကြိုးဆွဲရုပ်သေးရုပ်များ၊ မြန်မာ့ဇာတ်သဘင် ဇာတ်စင်စသည်တို့ကို ပြကွက် ပေါင်း ၃၀ ဖြင့် ခင်းကျင်းပြသထားသည်။

 

မြန်မာ့အနုသုခုမပြခန်း ဘီ(၄)မှ သမိုင်းတင်ခေတ်ဦး ပြခန်း ဘီ(၅) သို့ ဝင်ရောက်လေ့လာကြရာ ဟန်လင်းမြို့ဟောင်း၊ အုတ်မြို့ရိုးဝင်ပေါက်ပုံစံတူကို တွေ့လိုက်ရသည်။ သမိုင်းတင်ခေတ်ဦးကို ဘီစီ ၂ ရာစုမှ အေဒီ ၉ ရာစုအထိ သတ်မှတ်ထားကြသည်။ မြန်မာနိုင်ငံအနေဖြင့် ပျူခေတ်ကာလဟု ဆိုရမည်။ ထိုပြခန်းတွင် ပျူအရိုးအိုးများ၊ ရွှေငွေအဆင်တန်ဆာ လက်ဝတ်ရတနာများ၊ အုတ်ချပ်များ၊ ကျောက်စာများကို ပြသထားသည်။ စိတ်ဝင်စားစရာ နယားခေါင်းပုံရွှေလက်ကြပ်၊ ဆင်သုံးကောင်ပါ ကျောက်ဆွဲကြိုး၊ မဟာယနကြေး ခေါင်းလောင်း၊ အဆင်တန်ဆာများ၊ ဒင်္ဂါးများ၊ ပုတီးများ၊ တီးမှုတ်ကခုန်ဟန်ကျုံတူ မြေအုတ်ချပ်၊ လက်စင်းပါ အုတ်ချပ်များနှင့် မြေထည်အိုးများစသည်တို့ကို ပြကွက်ပေါင်း ၃၁ ကွက်နှင့် ပြသထားသည်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဟန်လင်းမြို့၌ တွေ့ရှိရသည့် ဘာသာရေးအထိမ်းအမှတ် ကျောက်တိုင်ပုံစံတူ ကိုလည်း ပြသထားသည်။ စိတ်ထဲတွင် သွားရောက်လေ့လာဖူးသည့် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်မှစ၍ ပျူမြို့ပြနိုင်ငံတည်ထောင်ခဲ့သည့်ဟန်လင်းမြို့ဟောင်း၏ ပုံရိပ်များကို မျက်စိထဲတွင် မြင်ယောင်လာမိသည်။

 

လှပတင့်တယ်ကြည်ညိုဖွယ်

 

သမိုင်းတင်ခေတ်ဦးပြခန်း ဘီ (၅) တွင် လေ့လာပြီး နောက် ဘီ (၆)တွင်တည်ရှိသည့် သမိုင်းတင်ခေတ် (အေဒီ ၁၁-၁၄ ရာစု) ပြခန်းသို့ ဝင်ရောက်လိုက်သည်။ တစ်နည်းအားဖြင့် ပုဂံခေတ်ပြခန်းဟု ဆိုနိုင်သည်။ ဤပြခန်းကို နိုင်ငံခြားသားတွေ အကြိုက်ဆုံးနှင့် ဝင်ရောက်ကြည့်ရှုမှု အများဆုံးဖြစ်ကြောင်း ပြတိုက်ဝန်ထမ်းလေးက ပြောပြသည်။ ခန်းမကြီးအလယ်တွင် နံရံဆေးရေးပန်းချီလက်ရာများနှင့် ပုဂံခေတ်လက်ရာဂူ ဘုရားဟောင်း ပုံစံတူတစ်ဆူကို ပြသထားရာ စိတ်ဝင်စားမှုကို နိုးထစေသည်။ ပြခန်းအတွင်းတွင် ပုဂံခေတ်အထင်က ရဘုရားစေတီအချို့၏ စကေးကိုက် ပုံစံငယ်များ၊ ဆင်းတုတော်များ၊ အင်္ဂတေပန်းများ၊ ရုပ်ကြွများ၊ ပုဂံခေတ်ဝတ်စားဆင်ယင်မှုပုံစံများ၊ အုတ်ခွက်မြေပုံဘုရားများ၊ ရွှေဆင်းတု၊ ငွေဆင်းတု၊ အန္တဂူဘုရား၊ ကြေးကြာဖူး၊ ရွှေအုန်းဖူးဆွဲကြိုး၊ စဉ့်ပန်းဝိုင်းများ၊ ရွှေစည်းခုံကျောက်စာစသဖြင့် ပုဂံခေတ်လက်ရာများစွာကို ပြသထားသည်။ ပုဂံခေတ် အထင်ကရဘုရားစေတီ စကေးကိုက် ပုံစံငယ်များတွင် အာနန္ဒာဘုရား၊ သဗ္ဗညုနှင့် ဓမ္မရံကြီး ဘုရားသုံးဆူကို တွေ့ရှိရသည်။ စိတ်ထဲတွင် ပုဂံနှင့်ပတ်သက်လျှင် “ထုမှာ ဓမ္မရံ၊ ဉာဏ်မှာ သဗ္ဗညု၊ အနုမှာ အာနန္ဒာ၊ အလှမှာ ရွှေစည်းခုံ” ဟူသည့် စာချိုးလေးကိုစွဲနေသည်။ ပုဂံ၏အလှ၊ ပုဂံ၏အထင်က ရဘုရားစေတီ လေးဆူထဲတွင် အနုရုဒ္ဓါမင်းကြီးနှင့် ထီးလှိုင် ကျန်စစ်သားမင်းကြီးတို့၏ ကောင်းမှုဖြစ်သည့် ရွှေစည်းခုံစေတီတော်ကြီး၏ပုံစံတူ မပါရှိခြင်းကို လိုအပ်ချက်ဟု ထင်မြင်မိသည်။

 

ပုဂံညောင်ဦးမြို့၏ မည်သည့်အရပ်နေရာကမဆို ရွှေရောင်တဝင်းဝင်းဖြင့် လှပတင့်တယ်ကြည်ညိုဖွယ် မဆုံးဖူးတွေ့နိုင်သည့် ရွှေစည်းခုံစေတီတော်ကြီး၏ပုံစံတူလည်း ပြတိုက်မှာ ရှိစေချင်မိသည်။ သမိုင်းတင် ခေတ်ပြခန်းကိုလေ့လာပြီးနောက် အဆောင်(ဒီ)တွင် တည်ရှိနေသည့် မြန်မာ့လက်မှုအနုပညာပြခန်းကို ဝင်ရောက်လေ့လာဖြစ်ကြသည်။ ပန်းဆယ်မျိုးဟု ခေါ်ဝေါ်ကြသည့် မြန်မာ့လက်မှုပညာများဖြစ်သည့် ပန်းပဲ၊ ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းတော့၊ ပန်းရန်၊ ပန်းပု၊ ပန်းပွတ်၊ ပန်းချီ နှင့် ပန်းယွန်းနှင့် ပတ်သက်သည့် ငွေထည်များ၊ ဆင်စွယ်ပန်းပုထည်များ၊ ရိုးရာချည်ထည်နှင့် အချိတ်ဒီဇိုင်းများ၊ ရွှေဆိုင်းနှင့် ရွှေချည်ထိုး ပြုလုပ်ပုံအဆင့်ဆင့်၊ အင်းလေးကြာချည်သင်္ကန်း၊ ကြာချည်ပဝါ၊ မှန်စီရွှေချယွန်းဆွမ်းအုပ်များ၊ စဉ့်ထည်များစသည့် လက်ရာပစ္စည်းများကို ခင်းကျင်းပြသထားသည်။ မြန်မာ့ရိုးရာကျေးလက်အိမ်၊ ရက်ကန်းစင်နှင့် ဗိုင်းငင်နေသည့် ကျေးလက်သမီးပျိုလေး၏ ပြကွက်က နှစ်သက်ကြည်နူးဖွယ်ရသကို အပြည့်အဝခံစားနိုင်ပေသည်။

 

အခန်း ဒီ (၁)နှင့် မျက်နှာချင်းဆိုင်မှ အခန်း ဒီ (၂) မှာ အာဆီယံပြခန်းဖြစ်သည်။ ထိုပြခန်းဆောင်အတွင်းတွင် မိမိတို့နိုင်ငံနှင့် မိတ်ဖက်ဖြစ်သည့် အာဆီယံနိုင်ငံများအကြောင်း၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများ၊ အာဆီယံနိုင်ငံများ၏အမှတ်တံဆိပ်များ၊ Landmark များ၊ အမျိုးသားပန်းများ၊ ရိုးရာအစားအစာများ၊ ရိုးရာဝတ်စုံများနှင့် ဝတ်စားဆင်ယင်ပုံများကို ပြသထားသည်။

 

အာဆီယံပြခန်း၏တစ်ဖက် အခန်း ဒီ (၃) တွင် ကလေးသူငယ်များပညာပေးပြခန်း တည်ရှိသည်။ ထိုပြခန်းတွင် သဘာဝသမိုင်း၊ မြန်မာ့သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုအကြောင်းတို့ကို ကလေးသူငယ်များ အလွယ်တကူ သိရှိနိုင်ရန် စကြဝဠာနှင့် တိုက်ကြီးများကို လေ့လာခြင်း၊ ရှေးဦးတိရစ္ဆာန်များနှင့် အပင်များအကြောင်း၊ ဘိုးဘွားများအကြောင်း၊ ရှေးခေတ်လက်နက်ကိရိယာများ၊ ပန်းချီပညာအကြောင်း၊ ရှေးခေတ်လူနေမှုပုံစံများ၊ တိုင်းရင်းသားသွေးချင်းများနှင့် ဝတ်စားဆင်ယင်မှုများ၊ ရိုးရာကစားနည်းများ၊ မြန်မာ့ရိုးရာပွဲတော်များ အကြောင်းတို့ကို ရုပ်လုံးရုပ်ကြွများနှင့် ပြသထားသည်။

 

အမျိုးသားပြတိုက်ကြီးအတွင်းတွင် သန့်စင်ခန်းများကိုလည်း သပ်ရပ်သန့်ရှင်းစွာ ထည့်သွင်းတည်ဆောက်ထား သည်ကို တွေ့ရသည်။ စာရေးသူတို့လေ့လာကြည့်ရှုချိန်မှာ နှစ်နာရီခန့် ကြာမြင့်သည်။ သည့်ထက် အချိန်ပေး၍ လေ့လာနိုင်လျှင် ပိုကောင်းမည် ထင်ပါသည်။ ပြခန်းအသီးသီးတွင် လေ့လာပြီးနောက် ဧည့်ကြိုခန်းမဆောင်သို့ ထွက်လာခဲ့သည်။ အကြံပြုစာအုပ်လေးကို တွေ့သဖြင့် လုပ်ဆောင်သင့်သည့် အကြံပြုချက်လေး ရေးသားထားခဲ့သည်။ ဧည့်ကြိုခန်းမဆောင်တွင် စာအုပ်အရောင်းဆိုင်လည်း ရှိနေသဖြင့် ရှေးဟောင်း သုတေသနနှင့် ယဉ်ကျေးမှုဆိုင်ရာစာအုပ်တွေကို ဝယ်ယူနိုင်ပေသည်။

 

ပြခန်းဆောင်အသီးသီးတွင် လေ့လာကြည့်ရှုလိုသေးသော်လည်း အချိန်ကို ငဲ့ကွက်ကာ ပြန်ထွက်လာခဲ့သည်။ မြန်မာနိုင်ငံသားတိုင်း အမျိုးသားပြတိုက်ကြီးသို့ သွားရောက်လေ့လာသင့်သည်ဟု တိုက်တွန်းလိုပါသည်။
 

 

333 Capture