ခန္တီး      ၁၃   နိုဝင်ဘာ   

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း သင်တန်းကျောင်း၏ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၁) သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့ နံနက် ၉ နာရီက ခန္တီးမြို့ အိမ်တွင်းမှု အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးလှမျိုးက “ပြည်နယ်နှင့်တိုင်းဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တောင်ပေါ်မြေပြန့်မကျန် ထိရောက်သည့် လူမှုဖွံ့ဖြိုးမှုရရှိစေရန်၊ စာသင်ခန်းပြင်ပရောက် အမျိုးသမီးငယ်များ၏ လူမှုဘဝ တိုးတက်မြင့်မားအောင် နယ်စပ်ဒေသများတွင် အိမ်တွင်းမှုသင်တန်းကျောင်းများ ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ ယခုတစ်နိုင်ငံလုံးတွင် ကျောင်းပေါင်း (၄၆) ကျောင်းရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် အိမ်တွင်းမှုကျောင်း (၉) ကျောင်းရှိသည့်အနက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ကျောင်း (၃) ကျောင်းနှင့် ခန္တီးမြို့အိမ်တွင်းမှု ကျောင်းလည်း အပါအဝင်ဖြစ်ပါကြောင်း" ရှင်းလင်း အဖွင့်အမှာစကားပြောကြားသည်။

 

mdn

 

သင်တန်းတွင် အချုပ်အလုပ် သင်တန်းများအပြင် စိတ်ဓါတ်ပိုင်းဆိုင်ရာ ကျင့်ဝတ်သိက္ခာစောင့်ထိန်းရမည့်ဘာသာရပ်၊ ပြည်ထောင်စုစိတ်ဓါတ် ဘာသာရပ်နှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ကျန်းမာရေး အသိပညာဟောပြောပွဲများ၊ ရှေးဦးသူနာပြု အခြေခံသင်တန်း၊ အချက်အပြုတ်သင်တန်း၊ လက်မှုအတတ်  ပညာမျိုးစုံသင်တန်း၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောမှုများကို စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို နိုဝင်ဘာ ၁၂ ရက်မှ ၂၀၂၀ ခုနှစ် မတ်လ ၁၃ ရက်နေ့အထိ ရက်သတ္တပတ် (၁၈) ပတ်ကြာအောင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းသူ (၅၀) ကို ကျောင်းအိပ်၊  ကျောင်းစား စရိတ်ငြိမ်း၊ သင်ထောက်ကူပစ္စည်းများဖြင့် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

စနေမောင်(ခန္တီး)