အမျိုးသမီးလိဂ်ပြိုင်ပွဲ ဆက်လက်ကျင်းပ

 

၂၀ ဒီဇင်ဘာ

 

၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၃) ကို ဒီဇင်ဘာ ၁၈ ရက်မှ ၂၀ ရက်အထိ ကျင်းပလျက်ရှိပြီး လက်ရှိချန်ပီယံ မြဝတီ၊ ဂန္ဓမာအသင်းတို့ အနိုင်ရခဲ့ပြီး အား/ကာသိပ္ပံနှင့် သစ္စာအားမာန်အသင်းတို့ သရေကျခဲ့သည်။

 

ပွဲစဉ် (၃) တွင် မြဝတီအသင်းက ဇွဲကပင်အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ဂန္ဓမာအသင်းက တက္ကသိုလ်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး အား/ကာသိပ္ပံနှင့် သစ္စာအားမာန်အသင်းတို့ နှစ်ဂိုးစီသရေကျခဲ့သည်။ ရာသီအစနှစ်ပွဲဆက်တိုက် အနိုင်ရထားခဲ့သည့် အား/ကာသိပ္ပံနှင့် သစ္စာအားမာန် အသင်းတို့ပွဲမှာ အပြန်အလှန်ရှိခဲ့ပြီး အား/ကာသိပ္ပံအသင်းသည် နှစ်ဂိုးပြတ်အနိုင်ရပြီးမှ သရေကျခဲ့ခြင်းဖြစ်သည်။ အား/ကာသိပ္ပံအသင်းအတွက်ဂိုးများကို ၁၆ မိနစ်တွင် ခင်မာလာထွန်း၊ ၃၃ မိနစ်တွင် ရီရီဦးတို့က သွင်းယူပြီး သစ္စာအားမာန်အသင်းအတွက် ချေပဂိုးများကို ၄၂ မိနစ်တွင် နော်အားလိုဝါးဖော၊ မိနစ် ၇၀ တွင် နီလာဝင်းတို့က သွင်းယူခဲ့သည်။ ရှုံးပွဲဆက်နေသည့် ဂန္ဓမာအသင်းသည် တက္ကသိုလ်အသင်းကို အနိုင်ရပြီး ပထမဆုံးနိုင်ပွဲရရှိခဲ့သည်။ ဂန္ဓမာအသင်းအတွက် အနိုင်ဂိုးများကို ၄၃ မိနစ်တွင် ခင်ဇာဇာဝင်း၊ ၆၄ မိနစ်တွင် လာအဲဝါတို့က သွင်းယူခဲ့သည်။ လက်ရှိချန်ပီယံ မြဝတီအသင်းသည် သုံးပွဲဆက် အနိုင်ရခဲ့သော်လည်း ကျဉ်းမြောင်းသည့်ရလဒ်ဖြင့်သာ ဇွဲကပင်အသင်းကို အနိုင်ရခဲ့သည်။ မြဝတီအသင်းအတွက် အနိုင်ဂိုးကို ၁၈ မိနစ်တွင် ပန်းအိခိုင်က သွင်းယူခဲ့သည်။

 

ပွဲစဉ် (၃) နောက်ဆုံးနေ့ကို ဒီဇင်ဘာ ၂၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး YREO အသင်းနှင့် အား/ကာဦးစီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ရဲရင့်ရှိုင်း