အမျိုးသမီးလိဂ်တွင် လက်ရှိချန်ပီယံ မြဝတီအသင်း နိုင်ပွဲပြန်ရ

၂၇ မေ 

၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၂) ပထမနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ လက်ရှိချန်ပီယံမြဝတီအသင်း နိုင်ပွဲပြန်လည်ရရှိခဲ့သည်။

လက်ရှိချန်ပီယံမြဝတီအသင်းသည် အား/ကာဦးစီးဌာနအသင်းနှင့် ယှဉ်ပြိုင်ကစားပြီး သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ပွဲစဉ် (၁၁) တွင် အား/ကာသိပ္ပံကိုရှုံးပြီး ထိပ်ဆုံးမှ ဖယ်ပေးခဲ့ရသည့် မြဝတီအသင်းသည် ယခုတစ်ပတ်တွင် နိုင်ပွဲပြန်ရခဲ့ခြင်းဖြစ်သည်။ မြဝတီအသင်းသည် ယခုပွဲနိုင်ပွဲကြောင့် ချန်ပီယံဆုကာကွယ်နိုင်ရန် အခွင့်အရေးရှိနေဆဲဖြစ်ပြီး လက်ကျန်ပွဲများမှာ အရေးပါလျက်ရှိသည်။ ၂၃ မိနစ်တွင် အေးမျိုးမြတ်က မြဝတီအသင်းအတွက် ဂိုးစသွင်းခဲ့ပြီး ၄၉ မိနစ်တွင် လင်းလဲ့ဦးက အား/ကာဦးစီးဌာနအသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့သည်။ 

ယင်းနောက်ပိုင်းတွင် ပွဲမှာအပြန်အလှန်ရှိခဲ့ပြီး မေသူကျော်က ၆၁၊ ၉၀+၁ မိနစ်တွင် မြဝတီအသင်းအတွက် အနိုင်ဂိုးနှစ်ဂိုးသွင်းယူပေးခဲ့သည်။

တောင်ဒဂုံကွင်း၌ ကျင်းပသည့် သစ္စာအားမာန်နှင့် ဇွဲကပင်အသင်းပွဲတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပွဲချိန် ၅၈ မိနစ်တွင် ပွဲရပ်နားခဲ့ရသည်။ ပွဲရပ်နားချိန်တွင် သစ္စာအားမာန်အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရနေပြီး လက်ကျန်ပွဲချိန် ပြန်ကစားမည့်ရက်နှင့် ကွင်းကို ပြန်လည်ထုတ်ပြန်မည်ဖြစ်သည်။

ပွဲစဉ် (၁၂) ဒုတိယနေ့ကို မေ ၂၈ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး အောင်ဆန်းကွင်း၌ တက္ကသိုလ်အသင်းနှင့် YREO အသင်း၊ တောင်ဒဂုံကွင်း၌ ဂန္ဓမာအသင်းနှင့် အား/ကာသိပ္ပံအသင်းတို့ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ရဲရင့်ရှိုင်း