ဝင်းထွဋ်ဦး
ယခုဆိုလျှင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာကာလ လှုပ်ရှားမှု ၂၅-၁၁-၂၀၂၄ ရက်နေ့မှ ၁၀-၁၂-၂၀၂၄ ရက်နေ့အထိ ကာလအတွင်း ရောက်ရှိနေပြီဖြစ်ပါသည်။
ကျား၊ မ ဖြစ်ခြင်းကို အခြေခံပြီးဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုများသည် လူ့အခွင့်အရေး ချိုးဖောက်သော ကိစ္စရပ်များဖြစ်သောကြောင့် နိုင်ငံတကာက ဆောင်ရွက်နေသော အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးလုပ်ငန်းများကို သိရှိမြင်သာစေရန်၊ ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး တူညီစွာလုပ်ဆောင်မှုကို ဖော်ညွှန်းရန်၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုပပျောက်စေ ရန်ရည်ရွယ်၍ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာကာလ လှုပ်ရှားမှု ၂၅-၁၁-၂၀၂၄ ရက်နေ့မှ ၁၀-၁၂-၂၀၂၄ ရက်နေ့အထိ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပလျက်ရှိပါသည်။
“အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ဖို့ အားလုံးပေါင်းစုကြိုးပမ်းလို့ ဘေဂျင်းကြေညာ စာတမ်းနှင့် လုပ်ငန်းစီမံချက် နှစ် (၃၀) ပြည့်ဆီ အရောက်လှမ်းစို့” “Towards 30 years of the Beijing Declaration and Platform for Action: UNITE to End Violence Against Women” ဆိုသည့် ၂၀၂၄ ခုနှစ်အတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်၏ ဆောင်ပုဒ်ပါ ရည်မှန်းချက်များအတိုင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးလှုပ်ရှားမှုများကို ကျင်းပဆောင်ရွက်နေကြသည်။
နှစ်ပေါင်း ၃၁ နှစ်တိုင်ရှိ
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအတွက် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ (၁၆) ရက်တာလှုပ်ရှားမှုကို ၁၉၉၁ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ရာ ယခုနှစ်တွင် နှစ်ပေါင်း ၃၁ နှစ်တိုင် ရှိနေပြီဖြစ်ပါသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားဆောင်ရွက်မှုသည် နှစ်စဉ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနှင့် မိန်းကလေး ငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့က စပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်သည့် လူ့အခွင့်အရေးနေ့အထိ ကျင်းပပြုလုပ်သော နိုင်ငံတကာလှုပ်ရှားမှုတစ်ခုဖြစ်ပါသည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၏အန္တရာယ်ကို မီးမောင်းထိုးပြရန်နှင့် ယခုနည်းတူ အကြမ်းဖက်မှုများ ပပျောက်ရေးဆောင်ရွက်မှုများ ပေါ်ပေါက်လာစေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ပါသည်။
ထို (၁၆) ရက်တာ လှုပ်ရှားဆောင်ရွက်မှုကို တစ်နှစ်ပြီးတစ်နှစ် ဆက်တိုက်လုပ်ဆောင်နေရခြင်း ၏ အကြောင်းရင်းသည် ကမ္ဘာတစ်ဝန်းရှိနိုင်ငံများ တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများသည် အကျယ်ပြန့်ဆုံးဖြစ်ပွားနေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ခုအဖြစ် ဆက်လက်ရှိနေခြင်းကြောင့် ဖြစ်ပါသည်။
အများပြည်သူနေရာတွင်ဖြစ်စေ၊ ပုဂ္ဂလိက သီးသန့်အခြေအနေတွင်ဖြစ်စေ အမျိုးသမီးများအပေါ် အနိုင်အထက်ပြုခြင်း သို့မဟုတ် လွတ်လပ်ခွင့်အားငြင်းဆန်ပြီး တစ်ဖက်သတ်ပြုမူခြင်းစသည့် ခြိမ်းခြောက်မှုများ အပါအဝင် ကိုယ်ထိလက်ရောက် ဖြစ်စေ၊ လိင်ပိုင်းဆိုင်ရာဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ ဖြစ်စေ ထိခိုက်နစ်နာစေမည့် သို့မဟုတ် ထိုသို့ထိခိုက်နစ်နာဖွယ်ရှိသည့် ကျား၊ မရေးရာကို အခြေခံ သော အကြမ်းဖက်သည့် အပြုအမူတစ်ရပ်ကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဟုဆိုနိုင်သည်။ အကြမ်းဖက်မှုဆိုသည်မှာ အမျိုးသမီး (gender) အပေါ် အခြေခံပြီး လူတစ်ယောက်အပေါ်တွင် အနိုင်အထက်ပြုကျင့်ခြင်း သို့မဟုတ် အကြမ်းဖက်သည့်လုပ်ရပ်များပင် ဖြစ်သည်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံများစွာတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ဖြစ်ပေါ်နေသည်ကို နေ့စဉ်နှင့်အမျှ တွေ့မြင်ကြားသိနေရသည်။ အမျိုးသမီးများသည် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းတို့အပြင် စီးပွားရေးဆိုင်ရာ၊ နည်းပညာဆိုင်ရာနှင့် ဓလေ့ထုံးတမ်းဆိုင်ရာ အကြမ်းဖက်ခြင်း စသည့်အကြမ်းဖက်ခြင်းမျိုးစုံကို ရင်ဆိုင်နေကြရသည်။ အမျိုးသမီးသုံးဦးတွင် တစ်ဦး (ရာခိုင်နှုန်းအားဖြင့် ၃၀ ရာခိုင်နှုန်း) သည် ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကြုံတွေ့ခံစားကြရသည်ဟု ကုလသမဂ္ဂ၏ အစီရင်ခံစာများတွင် တွေ့ရသည်။ ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများ ကြုံတွေ့ခံစားကြရသည့် အကြမ်းဖက်မှုများ၏ ၃၅ ရာခိုင်နှုန်းမှာ ချစ်ခင်ရင်းနှီးသူများ၊ လင်ယောက်ျားကကျူးလွန်သည့် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် မသိမရင်းနှီးသူများကကျူးလွန်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများဖြစ်နေသည်။ ထိုအကြမ်းဖက်မှုကို အမျိုးသမီးများအများဆုံး ကြုံတွေ့ခံစားကြရသည်။
အိမ်တွင်းအကြမ်းဖက်မှုသည် အမျိုးသမီး (gender) အပေါ် ခွဲခြားမှုဟူ၍မရှိ မည်သူမဆို ကျူးလွန်သူရော ခံရသူပါ ဖြစ်နိုင်သည်။ အိမ်တွင်း အကြမ်းဖက်မှုများသည် အိမ်ထောင်ရေး၊ မိသားစုနှင့် ပိုမိုနီးစပ်သော လူမှုဆက်ဆံရေးများတွင် အများဆုံးဖြစ်တတ်ကြသည်။ မိမိနှင့် အနီးဆုံး နေရာတွင် ရှိနေတတ်ပြီး အသံတိတ်အကြမ်းဖက်မှုများဟု ပြောနိုင်ပါသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်တားဆီးရန် အမျိုးသမီးများအနေဖြင့် မိမိကိုယ်တိုင်ရပိုင်ခွင့်ရှိသော လိင်နှင့် မျိုးဆက်ပွားဆိုင်ရာ အခွင့်အရေးများကို သိရှိနားလည် သဘောပေါက်ထားကြရန် လိုအပ်ပါသည်။ သို့မှသာ မိမိ၏ အခွင့်အရေးချိုးဖောက်ခံရမှုများကို သိရှိနိုင်မည်ဖြစ်သည်။ လိင်ပိုင်းဆိုင်ရာကိစ္စများနှင့် ပတ်သက်ပြီး ကျေနပ်ပျော်ရွှင်သော၊ ဘေးအန္တရာယ်ကင်းသော ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ခွင့်ရှိသည်။ လိင်ပိုင်းဆိုင်ရာကိစ္စများကို မိမိသဘောမိမိ ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိသည်။ မိမိသဘောဆန္ဒမှဆန့်ကျင်သောကိစ္စများ လုပ်ဆောင်ရန် ဖိအားပေးခံရပါကလိင်နှင့် မျိုးဆက်ပွားဆိုင်ရာ အကြမ်းဖက် မှုပင်ဖြစ်ကြောင်း သိရှိနားလည်ရန် လိုအပ်သည်။
နေအိမ် သို့မဟုတ် ပတ်ဝန်းကျင်နှင့် လုပ်ငန်းခွင် စသည့်လူ့အဖွဲ့အစည်း၏ နေရာတိုင်းတွင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်း ဆိုင်ရာ စကားအပြောအဆိုများအပြင် လူ့ပတ်ဝန်း ကျင်၏ သတ်မှတ်လူမှုစံနှုန်းများကိုကျော်လွန်ပြီး အမျိုးသမီးများအပေါ်ခွဲခြားဆက်ဆံမှုများ ရှိနေပါ သည်။ အမျိုးသမီးများအပေါ် အခြေခံပြီးအမြင် ကွဲပြားမှုကြောင့် တစ်ဦးတစ်ယောက်အပေါ် အင်အား မညီမျှမှုများသုံးကာ ထိခိုက်နစ်နာအောင် ပြုလုပ်ခြင်းသည်လည်း အမျိုးသမီးများအပေါ် အခြေပြု အကြမ်းဖက်မှုပင်ဖြစ်သည်။
တစ်ဦးတစ်ယောက်က အမျိုးသမီးအပေါ် အခြေပြုပြီး ကြမ်းတမ်းသော၊ အရှက်ရစေသော မှတ်ချက်များပေးခြင်း၊ လှောင်ပြောင်ခြင်း၊ ခွင့်ပြုချက်မရှိသော ကိုယ်ရေးကိုယ်တာပုံများ၊ ဗီဒီယိုများကို ပြန်လည်မျှဝေခြင်းများသည်လည်း လေလှိုင်းအွန်လိုင်းပေါ်မှတစ်ဆင့် အမျိုးသမီး အခြေပြု အကြမ်းဖက်မှုမြောက်ပေသည်။ အမျိုးသမီးများအနေဖြင့် မိမိတို့၏ လူမှုဆက်ဆံရေး ပျက်စီးမည်ကို စိုးရိမ်သည့်စိတ်ကြောင့် ဖွင့်ထုတ်ပြောကြားမှု၊ တိုင်ပင်ဆွေးနွေးမှုများမရှိခြင်းသည် ပြုလုပ်သူအပေါ် အခွင့်အရေးပေးရာရောက်ပေသည်။ ခံရသူအတွက်လည်း လျစ်လျူရှုမှု၊ အနိုင်ကျင့် ဖိနှိပ်မှုများ ခံရနိုင်ပါသည်။
ကျွန်ုပ်တို့၏ လူမှုပတ်ဝန်းကျင်တွင် အမျိုးသမီးအခြေပြုအကြမ်းဖက်မှုတွေ့ရှိပါက နောက်နောင် မပြုမူမိစေရန် သိရှိနားလည်အောင်ရှင်းပြပြီး အကြမ်းဖက်မှုဖြစ်သည်ဟု ဖွင့်ထုတ်ပြောကြားရန် လိုကြောင်း အမျိုးသမီးများအပါအဝင် လူမှုအသိုင်းအဝိုင်းအားလုံးကို အသိပညာပေးမှုများ မျှဝေပေးကြရမည်ဖြစ်ပါသည်။ အမျိုးသမီးများအပေါ် အနိုင်ကျင့်မှုများကို တွေ့ရှိလျှင်လည်း ကျွန်ုပ်တို့ ပြည်သူပြည်သားအားလုံးက ထုတ်ဖော်ပြောဆိုကြ ရမည်ဖြစ်သည်။
လက်ရှိအချိန်တွင် နိုင်ငံတော်ကလည်း အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေ၊ မဟာဗျူဟာများ ချမှတ်ဖော်ဆောင်လျက် ရှိပါသည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ခံရခြင်းမှ လျော့ပါးစေရေးအတွက် နိုင်ငံတော်အစိုးရ ဌာနများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ဝန်ဆောင်မှုများ ပေးနေသည်။
ဘဝလုံခြုံမှုနှင့် အသက်မွေးဝမ်းကျောင်းပညာ
အကြမ်းဖက်ခံရသူများကို ပံ့ပိုးပေးမှုအဖြစ် အကြမ်းဖက်ခံရသည့် အမျိုးသမီးများကို ယာယီ လက်ခံ စောင့်ရှောက်ပေးနိုင်ရေးအတွက် ရန်ကုန်မြို့ နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများတွင် One Stop Women Support Center (OSWSC)ကို ဖွင့်လှစ်ထားရှိပြီး အမျိုးသမီးများ၏ ဘဝလုံခြုံမှုနှင့် အသက်မွေးဝမ်းကျောင်းပညာ တတ်မြောက်ရေးအတွက် ဝန်ဆောင်မှုများပေးလျက် ရှိပါသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်တားဆီးရန်အတွက် နိုင်ငံသူနိုင်ငံသား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်။ သို့မှသာ အောင်မြင်နိုင်မည်ဖြစ်ပါသည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ်ပပျောက်ရေး အတွက် အရေးအကြီးဆုံးမှာ အမျိုးသမီးများကလည်း မိမိကိုယ်မိမိ ကာကွယ်ကြရမည်။ သတိတရား ရှိရှိဖြင့် အကြမ်းဖက်မှုမှန်သမျှနှင့် အကြမ်းဖက်မှု ဖြစ်နိုင်ဖွယ်အကြောင်းအရာ လုပ်ရပ်များကို ကြိုတင် ကာကွယ်ကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။