ငါန်းဇွန် ၁၈ ဩဂုတ်
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဩဂုတ် ၁၇ ရက်နေ့ နံနက် ၉ နာရီက "အမျိုးသမီးများ အကြမ်းဖက်မှုနှင့် သက်ငယ်မုဒိမ်းမှု ပပျောက်ရေး"ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးနိုင်က အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက အနာဂတ်နိုင်ငံတော်၏ အဖိုးတန်ရတနာလေးများ ပျက်စီးဆုံးရှုံးမှု မရှိစေရေး၊ လမ်းမှားမရောက်ရှိစေရန်၊ ကြိုတင်ကာကွယ် တားဆီးနိုင်ရန်နှင့် မိမိရပ်ရွာအတွင်း အသိပညာဗဟုသုတ ပြန့်ပွားဖြန့်ဝေပေးနိုင်ကြစေရန်အတွက် ပြည်သူ့စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးက စကားဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးနိုင်က "အမျိုးသမီးများ အကြမ်းဖက်မှုနှင့် သက်ငယ်မုဒိမ်းမှု ပပျောက်ရေး" ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဆန်းဝင်းက အမျိုးသမီးများ အကြမ်းဖက်မှုနှင့် သက်ငယ်မုဒိမ်းမှု ပပျောက်ရေးအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဆရာမ ဒေါ်အေးအေးမြင့် (သူနာပြုအဆင့်-၁)က အမျိုးသမီးများ အကြမ်းဖက်မှုနှင့် သက်ငယ်မုဒိမ်းမှု နောက်ဆက်တွဲဆိုးကျိုးများကို လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးရဲထက်နိုင်က အမျိုးသမီးများ အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှုဆိုင်ရာ ဥပဒေများကို လည်းကောင်း ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ပြည်သူ့စကားဝိုင်းသို့ တက်ရောက်လာသော ငါန်းဇွန်မြို့အခြေခံ ပညာအထက်တန်းကျောင်းမှ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူ (၁၂၀)ဦးတို့က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဥပဒေအရာရှိနှင့် သူနာပြုဆရာမတို့က ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။
(၁၈၁)


