အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မား

နေပြည်တော် ၁၀ မတ်

 

“ပုခက်လွှဲတဲ့လက်၊ အမျိုးသမီးတွေရဲ့လက်၊ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ဟာ ကမ္ဘာကြီးကို ပင့်မထားနိုင်ဖို့၊ ကမ္ဘာကြီးမှာ ကောင်းတဲ့တန်ဖိုးတွေပိုပြီးတော့ ပွားလာနိုင်အောင်လို့ ကိုယ့်သားသမီးတွေ ရင်ခွင်ထဲမှာ ရှိကတည်းက သင်ကြားပေးကြပါ၊ အဲဒီကနေတစ်ဆင့် သားတွေ၊ သမီးတွေအားလုံး ကြိုးစားနိုင်ဖို့၊ အများအတွက် စဉ်းစားနိုင်တဲ့ စိတ်ဓာတ်ကိုသွင်းပေးပါ၊ မှန်ကန်တဲ့ တန်ဖိုးထားမှုတွေကို ကျွန်မတို့ သားသမီးတွေရဲ့ခေါင်းထဲမှာ၊ နှလုံးသားထဲမှာ ငယ်ငယ်ကတည်းက သွင်းလိုက်ပြီဆိုရင်တစ်သက်လုံးအတွက် စိတ်ချရတယ်”ဟု မတ်လ ၈ ရက်နေ့က နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- ၂ တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနား၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

 

ကမ္ဘာကြီးတွင် ပိုမိုကောင်းမွန်သော၊ ပိုမိုတန်ဖိုးရှိသော လူသားများတိုးပွားလာစေရန်အတွက် လူသားတို့ မွေးဖွားလာစဉ်ကတည်းက ပုခက်လွှဲသောလက်၊ ပန်းပျိုးသောလက်၊ ပြုစုစောင့်ရှောက်သောလက်၊ နို့ချို တိုက်ကျွေးသောရင်ခွင်ပိုင်ရှင် အမျိုးသမီးများ၏ အခန်းကဏ္ဍ၊ လက်ဦးဆရာဖြစ်သည့် အမျိုးသမီးများ၏ဘဝသည် လွန်စွာအရေးပါ၊ အရေးကြီးကြောင်း အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အသိပေးပြောကြားလိုက်သည်။

 

အနာဂတ်တွင် သားကောင်းသမီးမွန်များပေါ်ထွန်းရေး၊ စိတ်ဓာတ်ရေးရာ မြင့်မားထက်သန်ပြီး အသိအမြင် ဖွံ့ဖြိုးသည့် ကိုယ်ခံအားကောင်းမွန်သော သားသမီးများဖြစ်ထွန်းရေးသည် မိခင်များအပေါ်တွင် လုံးဝ တည်မှီနေပေသည်။ လူ့ဘဝသို့ ရောက်ရှိလာသော သားသမီးများအားစောင့်ရှောက်မှုပေးရာ၌ မိခင်ရော၊ ဖခင်တွင်ပါ တာဝန်ရှိသည်မှန်သော်လည်း ပုခက်လွှဲသောလက်ပိုင်ရှင် အမျိုးသမီးများ၏စွမ်းဆောင်ရည်သည်သာ ပိုမိုအဓိကကျသည်ဟု ဆိုနိုင်ပါသည်။ သားသမီးအပေါ်တွင် မိခင်တစ်ဦးတည်း၏ မေတ္တာနှင့် ပြုစုစောင့်ရှောက်မှုဖြင့်ပင် လုံလောက်မှုရှိသည်ကို သားသမီးများ အသိဆုံးဖြစ်သည်။ ဤသည်မှာ မိခင်တို့၏အရေးပါသော စွမ်းဆောင်မှုပင် ဖြစ်သည်။

 

ထို့ကြောင့် သားသမီးများပိုင်ရှင် မိခင်များသည် မိမိတို့၏သားသမီးများအား ရင်ခွင်ပိုက်နို့တိုက်အရွယ်မှ စတင်၍ လူလားမြောက်လာသည်အထိနွေးထွေးသော ပြုစုစောင့်ရှောက်မှု၊ ကောင်းမွန်သော သင်ကြားပေးမှုတို့မှတစ်ဆင့် ဘဝတစ်သက်တာလုံးအတွက် မှန်ကန်ခိုင်မာသည့် စိတ်ဓာတ်ခွန်အားများ ဖြစ်ထွန်းလာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။

 

ဤတွင် မိခင်များ၏ စွမ်းဆောင်ရည်မှာ ကြီးမားလှသည်။ ဆင်းရဲချမ်းသာမရွေး မိခင်တို့၏ မေတ္တာနှင့် ပြုစုစောင့်ရှောက်မှုမှာ အတူတူပင်ဖြစ်သည်။ သားသမီးများ လုံခြုံဘေးကင်းရေးနှင့် စိတ်ချလုံခြုံရေးအတွက် စောင့်ရှောက်ပေးမှုမှာ အတူတူပင်ဖြစ်သည်ကို ဆိုလိုခြင်းဖြစ်သည်။

 

မျက်မှောက်ကာလတွင် သားသမီးငယ်များ၏ဘဝ မလုံခြုံမှုဖြစ်စဉ်များကို မြင်တွေ့ရသည်။ အထူးသဖြင့် သက်ငယ်သမီးငယ်များ၏ဘဝမလုံခြုံမှုဖြစ်စဉ်များကို မြင်တွေ့ရသည်။ မိမိတို့၏ဘဝချို့တဲ့မှု၊ ရုန်းကန်လှုပ်ရှားမှုနှင့် အလုပ်မအားမလပ်ဖြစ်သည်ကို အကြောင်းပြု၍ သားသမီးငယ်များ မလုံခြုံသည့်ဘဝ၊ ဘေးဥပဒ်ရောက်ရသည့်အဖြစ်များမှာ မဖြစ်သင့်ချေ။ အမှန်တကယ်တွင် မိခင်ဟူသည်မှာ မိမိတို့၏သားသမီးငယ်များအပေါ်တွင် ကြက်မကြီး အတောင်ဖြင့် ဝပ်အုပ်လွှမ်းခြုံပေးထားသကဲ့သို့ ဘေးဥပဒ်အန္တရာယ်ကင်းဝေးစေရန် ရင်အုပ်မကွာ စောင့်ရှောက်ပေးရမည်ဖြစ်သည်။ ထိုသို့ စောင့်ရှောက်မပေးနိုင်သောကြောင့် သားသမီးငယ်များမှာဘေးအန္တရာယ်များနှင့် လမ်းမှားသို့ ရောက်တတ်သည်ကို တွေ့ရသည်။

 

မြန်မာအမျိုးသမီး မိခင်များသည် မိမိတို့ဘဝအတွက် စွမ်းဆောင်ရည်မြင့်မားစေရေးသာမက မိမိတို့၏ မျိုးဆက်သစ်များ ဘေးကင်းလုံခြုံရေး၊မှန်ကန်တည့်မတ်သည့် ရှင်သန်ဖွံ့ဖြိုးရေးအတွက်ပါ ရင်အုပ်မကွာ၊မျက်ခြည်မပြတ် ပြုစုစောင့်ရှောက်ပေးရန်လိုအပ်သည်။ လက်ရှိကာလတွင်မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ပြန်လည်ဖွဲ့စည်းပြီးတစ်နိုင်ငံလုံးရှိ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကို ကျေးလက်ဒေသများပါမကျန် လွှမ်းခြုံဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသည်ကိုတွေ့ရသည်။

 

သို့ဖြစ်ရာ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံစိတ်ချရေး၊ မှန်ကန်သော ပန်းပျိုးလက်များဖြစ်စေရေးအတွက် နိုင်ငံတော်၏အားပေး ကူညီမှုနှင့်အတူ စိတ်ဓာတ်ခွန်အားများ၊ စွမ်းဆောင်ရည်များ မြင့်မားတိုးတက်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်နိုင်ရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါသည်။ ။