အင်္ဂပူ ၂၅ စက်တင်ဘာ
အမျိုးသမီးများ ပူးပေါင်းပါဝင်မှု အခွင့်အလမ်းဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးနေထက်ရှိန်၊ အင်္ဂပူမြို့နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းစန္ဒာညွန့်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု မြို့နယ်ဦးစီးမှူး ဒေါ်နှင်းနန္ဒာဝင်း၊ မေတို့ကမ္ဘာ နိုင်ငံလုံးဆိုင်ရာ ကျေးလက်အမျိုးသမီး ကွန်ရက်အဖွဲ့ဥက္ကဋ္ဌ ဒေါ်ညိုညိုစန်း၊ မြို့နယ် နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင် ဦးဝင်းနိုင်နှင့် မြိုနယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမင်းမင်းခိုင်တို့မှ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမျိုးသမီးများ ပူးပေါင်းပါဝင်မှု အခန်းကဏ္ဍ၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြင့်တက်လာမှုနှင့် ရရှိလာသော အကျိုးကျေးဇူးများ၊ အနာဂတ်တွင် အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိရေး ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲကို အမျိုးသမီး ကွန်ရက်အဖွဲ့ဝင်များ ရင်းနှီးမှုပိုမိုရရှိလာပြီး အချင်းချင်း ပိုမိုချိတ်ဆက်လာနိုင်စေရန်၊ အဖွဲ့ဝင်များ အချင်းချင်း တွေ့ဆုံပြီး Public Dialogue တွင် ဆွေးနွေးမည့် အချက်များကို ဖော်ထုတ်လာနိုင်စေရန်၊ အမျိုးသမီးများ၏ ပူးပေါင်းပါဝင်မှု အရေးကြီးပုံဆွေးနွေးရန်၊ ဒေသတွင်း လက်ရှိလုပ်ဆောင်နေသော လုပ်ငန်းများတွင် အမျိုးသမီးများ ပိုမိုပါဝင် ဆောင်ရွက်လာနိုင်စေရန်၊ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းများ ပိုမိုကောင်းမွန်အောင် ပံ့ပိုးပေးနိုင်မည့် ပတ်ဝန်းကျင်တစ်ခု ဖြစ်ပေါ်လာစေရန် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ NGO/ CSO များ၊ လူထုဗဟိုပြုစီမံကိန်း အမျိုသမီးများ ကွန်ရက်အဖွဲ့မှ အမျိုးသမီးများ စုစုပေါင်း ၉၉ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုးမိုးကျော်(ကျေး/လက်)


