ဓနုဖြူ ၃ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ကျေးလက်နေ အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်နှင့် မိသားစု ဝင်ငွေများတိုးပွားစေရန် ရည်ရွယ်၍ ဖွင့်လှစ် သင်ကြားပေးသည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂ ရက် နံနက် ၁၀ နာရီအချိန်က ဓနုဖြူမြို့နယ် အလမျိုးချောင်းဖျားကျေးရွာ ဓမ္မရုံ၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဓနုဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်လှနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးဌေးမောင်တို့က အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ဆက်လက်၍ မအူပင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမြင့်က အခြေခံ စက်ချုပ်သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများသည် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေ တိုးပွားစေရန်ရည်ရွယ်၍ သင်ကြားဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းတွင် သင်ကြားပို့ချပေးမည့် သင်တန်းနည်းပြဆရာမ ဒေါ်ထက်ထက်အောင်က သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များ၊ အခြေခံစက်ချုပ်နည်းလမ်းများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို ဓနုဖြူမြို့နယ်အတွင်းရှိ အလမျိုးချောင်းဖျားကျေးရွာအပါအဝင် ကျေးရွာ(၉)ရွာမှ သင်တန်းသူ (၃၅)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကို စာတွေ့လက်တွေ့နှစ်မျိုးဖြင့် တစ်လကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးမိုကျော်