အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာ  လှုပ်ရှားမှု  အထိမ်းအမှတ် အခမ်းအနား ကျင်းပ

တောင်ကြီး ဒီဇင်ဘာ ၅

"အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး အားလုံးစုပေါင်းလှုပ်ရှားပေး" ဆောင်ပုဒ်နှင့်အညီ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာ(၅)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့ ၊ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားဆောင်ရွက်မှုများကို မြန်မာနိုင်ငံအနေဖြင့် ၂၀၁၈ခုနှစ်ကစ၍ ဆောင်ရွက်ခဲ့သည့်မှာ ယခုဆို (၆)နှစ်တိုင်ပြီဖြစ်ကြောင်း၊ ၂၀၂၂ခုနှစ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားဆဲဖြစ်သည့်အတွက် အထိမ်းအမှတ်အခမ်းအနားကို ကိုဗစ်ကာလ စည်းကမ်းချက်များနှင့် အညီဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အနေဖြင့် အကြမ်းဖက်ခံရသည့် အမျိုးသမီးများအတွက် လူမှုဝန်ထမ်းဦးစီးဌာန၊ လားရှိုးမြို့တွင် တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးနိုင်သည့် OneStop women Support Center (OSWSC) ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒီလိုဆောင်ရွက်သည့်နေရာတွင် (၂၀၁၉-SOP)အရ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုစနစ်နှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှု ဆောင်ပုဒ်ဖြစ်သည့် “UNITE !: Activism to End Violence Against Women , & Girls “ အားအမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး အားလုံးစုပေါင်းလှုပ်ရှားပေး” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျား၊မ အခြေပြု အကြမ်းဖက်ခံရသူများအတွက် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများ ရရှိနိုင်ရန်အတွက် ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများ အားလုံး ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး၊ ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယကကြီး ဒေါက်တာခင်ခင်ထူးမှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ပြည်နယ်အမျိုးသမီးကော်မတီ အတွင်းရေးမှူး ပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဦးထွန်းဦးမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးလုပ်ငန်းစဥ်များနှင့် ပတ်သက်၍ ပရိုဂျက်တာဖြင့်ဆွေးနွေးတင်ပြ၍ တက်ရောက်လာကြသောပြည်နယ်ခရိုင်/မြို့နယ်အမျိုးသမီးကော်မတီအဖွဲ့ဝင်များမှ အထွေထွေ ဆွေးနွေးကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)