အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအဖြစ် "ရင်ခွင်ရိုင်းတို့ ကြွသောပန်း" ပြဇာတ်အစီအစဉ်နှင့်အတူ အခြားသော အသိပညာပေးမှုများပါဝင်မည်

မန္တလေး   ၂၆   နိုဝင်ဘာ

 

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဆန့်ကျင်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအစီအစဉ်ကို မန္တလေးခရိုင် အတွင်းရှိ မြို့နယ် ၇ခုတွင် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီမှ ဉီးဆောင်ကာ လူမှုဝန်ထမ်း ဉီးစီးဌာန၊ NGO, INGO, CSO,နှင့် အမျိုးသမီး အရေးလှုပ်ရှားသူများ စုပေါင်းပြီး ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ လှုပ်ရှားမှုတွင် ပြည်သူလူထုအား မျိုးဆက်ပွား သားဆက်ခြားခြင်း ဆိုင်ရာ အသိပညာများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအသိပညာပေး ပြဇာတ်အစီအစဉ်နှင့်အတူ ရင်ခွင်မဲ့ ကလေးငယ်များ လျော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေး အသိပညာပေး တေးသရုပ်ဖော်များဖြင့် ဖျော်ဖြေတင်ဆက်ကာ လူထုအတွင်း အသိပညာပေးခြင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။

 

2

 

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဆန့်ကျင်ရေး ၁၆ရက်တာ လှုပ်ရှားမှုကို ကမ္ဘာနဲ့ အဝှမ်းဆောင်ရွက်ကြသည့်နည်းတူ ကော်မတီမှ ၂၀၁၈-၂၀၁၉ နှစ်နှစ်လုံးတွင် ၁၆ရက်တာလှုပ်ရှားမှုများ ကို အသိပညာပေး အစီအစဉ်များဖြင့် ပါဝင်ဆောင်ရွက်နေပြီး ယခင်နှစ်က မီးလျံကြားက ပန်းကလေးများ ပြဇာတ် အပါအဝင် အသိပညာပေးအစီအစဉ်များဖြင့် လည်းကောင်း၊ ယခုနှစ်တွင်   "ရင်ခွင်ရိုင်းတို့ ကြွသောပန်း " အမည်ရှိပြဇာတ်ဖြင့်အသိပညာပေးသွားမည်ဖြစ်ပြး ယင်းပြဇာတ်တွင် အသက်မပြည့် သေးသည့် ကလေးငယ်များအပေါ်နှင့် မသန်စွမ်းသူများအပေါ် ပစ်မှတ်ထား ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် အခြားသော နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများ သိသာစွာ မြင့်တက်လာ သည့်အတွက် ပြဇာတ်အစီအစဉ်တွင်  ထိုကဏ္ဍကို အလေးပေး တင်ဆက်ကာ အသိပညာပေး ထားကြောင်း သိရသည်။

 

 "ရင်ခွင်ရိုင်းတို့ကြွသောပန်း "ပြဇာတ်အစီအစဉ်တွင် လူကုန်ကူးမှု ပညာပေးခြင်း၊ မသန်စွမ်း မိန်းကလေးများ၊ အသက်မပြည့် မိန်းကလေးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများကို အသိပညာ ပေးထားပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဖြေရှင်းနိုင်မှု များကိုလည်း အဆိုပါ အသိပညာပေး ပြဇာတ်အစီအစဉ်တွင် ထည့်သွင်းထားကာ အမျိုးသမီးကော်မတီဝင်များ၊ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူလေးများ၊ မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့ဝင်များ ကဲမြန်မာမှ ဝန်ထမ်းများက အသိပညာပေးတင်ဆက်ထားသည်။ ပြဇာတ်အစီအစဉ်နှင့်အတူ ကျန်းမာရေး အသိပညာပေးမှု အစီအစဉ်များ ပါဝင်ပြီး မန္တလေးခရိုင် အတွင်းရှိ မြို့နယ် ၇ခုအတွင်းရှိ ပြည်သူများထံသို့ ရွေ့လျားယာဉ်ဖြင့် သွားရောက်ကာ အသိပညာပေး ဖျော်ဖြေသွားမည် ဖြစ်ကြောင်း သိရသည်။

 

ဝေဖြိုးအောင်