တောင်ကြီး ဒီဇင်ဘာ ၇

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာ ၇ ရက် နံနက် ၁၀ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး ကြီးကြပ်ရေးအဖွဲ့ နာယက ဒေါက်တာခင်ခင်ထူးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာ ကိုဗစ်-၁၉ ရောဂါကြောင့် ယခင်နှစ်များက Online အခမ်းအနားဖြင့်သာ ပြုလုပ်ခဲ့ရပြီး ယခုလို အမျိုးသမီးကော်မတီ အဖွဲ့ဝင်များအားလုံးနှင့် တွေ့ဆုံခွင့်ရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် တောင်ကြီးခရိုင်၊ မြို့နယ်များရှိ အမျိုးသမီးရေးရာအဖွဲ့ဝင်များ အနေဖြင့် စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ပေးကြသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် အမျိုးသမီးအခွင့်အရေး မြှင့်တင်ဖော်ဆောင်သည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် မူဝါဒ(၄)ရပ်၊ လုပ်ငန်းတာဝန် (၁၂)ရပ်ချမှတ်ပြီး ဆောင်ရွက်လျက်ရှိသလို အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (National Strategic Plan for the Advancement of Women- NSPAW) (၂၀၁၃-၂၀၂၂)ကို ကျား၊ မ ရေးရာဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များအဖြစ် အကောင်အထည်ဖော်လျက် ရှိပါကြောင်း၊ မဟာဗျူဟာစီမံကိန်းကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ရန်အတွက် နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့(၄)ဖွဲ့ကို ဖွဲ့စည်းထားရှိပြီး သက်ဆိုင်ရာလုပ်ငန်းအဖွဲ့အလိုက် လုပ်ငန်းအစီအစဉ် (Work Plan) များကိုလည်း နှစ်အလိုက် ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ မဟာဗျူဟာစီမံကိန်းသည် ၂၀၂၂ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည့်အတွက် NSPAW Phase ll ကို ရေးဆွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ ရပ်ရွာအကျိုးပြုလုပ်ငန်း၊ မြန်မာအမျိုး သမီးများဘဝ မြှင့်တင်ရေးနှင့် အမျိုးသမီးများ၏ ဘဝလုံခြုံမှုရှိစေရေး၊ ကျား၊ မ တန်းတူညီမျှရေးတို့တွင် ယခု ထက်ပိုမိုပါဝင်၍ ပူးပေါင်းလုပ်ဆောင်သွားကြမည့် အဖွဲ့အစည်းများကိုလည်း ကြိုဆိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ရှမ်းပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂအနေဖြင့် နှစ်စဥ်ဆောင်ပုဒ်များ ချမှတ်ပေးလျက်ရှိရာ ယခုနှစ်တွင် ဆောင်ပုဒ်မှာ “Orange the World : End violence against Women now” ၊ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ဖို့၊ ယခုပင်ဆောင်ရွက်စို့” ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် ယခုထက်ပိုမို၍ အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် မြှင့်တင်ဖော်ဆောင်သွားကြရန် ပြောကြားသည်။

 

ထို့နောက် ပြည်နယ်အမျိုးသမီးကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဦးထွန်းဦးမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပရိုဂျက်တာဖြင့် ရှင်းလင်းပြီး တက်ရောက်လာကြသော ပြည်နယ်၊ ခရိုင်၊ မြို့နယ် အမျိုးသမီးကော်မတီအဖွဲ့ဝင်များမှ အထွေထွေဆွေးနွေးကြကြောင်း သိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)