နေပြည်တော် ၃ ဇွန်
UPR အကြံပြုချက်များအနက် ကျား/မတန်းတူရည်တူရှိမှုမြှင့်တင်ရေးနှင့် ထိခိုက်ခံစား လွယ်သော အုပ်စုများကာကွယ်ရေးဆိုင်ရာ လုပ်ငန်းကော်မတီနှင့် ခွဲခြားမှုမပြုရေးဆိုင်ရာ လုပ်ငန်း ကော်မတီ(၂)ရပ်၏ အကြံပြုတိုက်တွန်းချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက UPR ဆိုသည်မှာ ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေး အခြေအနေကို ပုံမှန်သုံးသပ်ခြင်းလုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် လူ့အခွင့်အရေးဆိုင်ရာဆောင်ရွက်ချက်များကို တင်ပြ၍သုံးသပ်မှုခံယူကြရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အစီရင်ခံစာကို ၅ နှစ် တစ်ကြိမ် တင်သွင်းခြင်းဖြစ်ပါကြောင်း၊ ပထမအကြိမ်အစီရင်ခံစာကို ၂၀၁၁ ခုနှစ်တွင်လည်းကောင်း၊ ဒုတိယအကြိမ်အစီရင်ခံစာကို ၂၀၁၅ ခုနှစ်တွင်လည်းကောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးသို့ ပေးပို့တင်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊ တတိယအကြိမ်အစီရင်ခံစာကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လတွင် တင်သွင်းရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ဒုတိယအကြိမ်အစီရင်ခံစာအပေါ် သုံးသပ်မှုခံယူခဲ့စဉ် အဖွဲ့ဝင်နိုင်ငံပေါင်း (၉၃) နိုင်ငံမှ အကြံပြုတိုက်တွန်းချက် (၂၈၁) ချက်အနက် မိမိတို့နိုင်ငံအနေဖြင့် အကြံပြုချက်(၁၆၆)ချက်လက်ခံခဲ့ပါကြောင်း၊ ထိုအကြံပြုချက် (၁၆၆)ရပ် အပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရန် ကဏ္ဍ(၁၂)ရပ် ခွဲဝေထားရှိပြီး မိမိတို့ဝန်ကြီးဌာန အနေဖြင့် ကျား/မ တန်းတူရည်တူရှိမှုမြှင့်တင်ရေးကိစ္စနှင့် ထိခိုက်ခံစားလွယ်သောအုပ်စုများ ကာကွယ်ရေး ဆိုင်ရာအကြံပြု ချက် (၁၅) ရပ်နှင့် ခွဲခြားမှုမပြုရေးကိစ္စဆိုင်ရာ အကြံပြုချက် (၁၅) ရပ်ကို တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
မိမိတို့အနေဖြင့် ကျား/မ တန်းတူ ရည်တူရှိမှု မြှင့်တင်ရေးနှင့် ထိခိုက်ခံစားလွယ်သော အုပ်စုများ ကာကွယ်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် ခွဲခြားမှုမပြုရေးဆိုင်ရာလုပ်ငန်းကော်မတီ (၂) ရပ်ကို ဖွဲ့စည်း၍ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယနေ့အစည်း အဝေးတွင် UPR အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး အတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ ပြောကြားလိုပါကြောင်း ပြောကြားသည်။
ဆက်လက်ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီမှ ချမှတ်ထားသော မူဝါဒ (၄)ရပ်အနက် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့်အကြမ်းဖက်မှုမှကြိုတင် ကာကွယ်ရန်နှင့် စောင့်ရှောက်မှုများ ပေးရန်ဆိုသည့် အချက်ပါဝင်ပြီး အဆိုပါမူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်မှု အပါအဝင် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများမှ ထိရောက်စွာကာကွယ်ပေးနိုင်ရန်အတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း)ကို ရေးဆွဲလျက်ရှိပါကြောင်း။
ဥပဒေ(မူကြမ်း)ကို လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကော်မတီသို့ တင်ပြခဲ့ပြီး ကော်မတီ၏သဘောထားမှတ်ချက်နှင့်အညီ ပြန်လည်ပြင်ဆင် မှုများ ဆောင်ရွက်ထားရှိခဲ့ပါကြောင်း၊ ယနေ့အစည်းအဝေးတွင်လည်း ဥပဒေ(မူကြမ်း) အပေါ် ဆွေးနွေးမှုများ ဆောင်ရွက်သွားကြမည် ဖြစ်ပါကြောင်း၊ အားလုံးမျှော်လင့်စောင့်စားနေသည့် ဥပဒေဖြစ်သည့်အတွက် ဥပဒေအတည်ပြုပြဋ္ဌာန်းနိုင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှုများ မရှိစေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား လိုပါကြောင်း ပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျား/မ တန်းတူရည်တူ ရှိမှုမြှင့်တင်ရေးနှင့် ထိခိုက်ခံစားလွယ်သောအုပ်စုများ ကာကွယ်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် ခွဲခြားမှုမပြုရေးဆိုင်ရာလုပ်ငန်းကော်မတီ (၂) ရပ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက ဥပဒေ(မူကြမ်း) နှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေး မှုများ ဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။
(သတင်းစဉ်)