တင်ထက်ထက်ဇော်

 

အကြမ်းဖက်မှုဆိုသည်ကို အဓိပ္ပာယ်ဖွင့်ရာ၌ အမျိုးသမီး (gender) အပေါ် အခြေခံပြီး လူတစ်ယောက်ပေါ်တွင် အနိုင့်အထက်ပြုကျင့်ခြင်း သို့မဟုတ် အကြမ်းဖက်သည့် လုပ်ရပ်များဖြစ်ခြင်းဟု ဆိုထားပါသည်။

 

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုသည်မှာ အများပြည်သူနေရာတွင်ဖြစ်စေ၊ ပုဂ္ဂလိက သီးသန့်အခြေအနေတွင်ဖြစ်စေ အမျိုးသမီးများအပေါ် အနိုင့်အထက်ပြုခြင်း သို့မဟုတ် လွတ်လပ်ခွင့်အား ငြင်းဆန်ပြီး တစ်ဖက်သတ်ပြုမူခြင်း စသည့်ခြိမ်းခြောက်မှုများ အပါအဝင် ကိုယ်ထိလက်ရောက်ဖြစ်စေ၊ လိင်ပိုင်းဆိုင်ရာဖြစ်စေ၊ စိတ်ပိုင်း ဆိုင်ရာဖြစ်စေ ထိခိုက်နစ်နာစေမည့် သို့မဟုတ် ထိုသို့ထိခိုက်နစ်နာဖွယ် ရှိသည့် ကျား၊ မ ရေးရာကို အခြေခံသော အကြမ်းဖက်သည့် အပြုအမူတစ်ရပ်ကို ဆိုလိုကြောင်း ၁၉၉၃ ခုနှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကြေညာစာတမ်း (DEVAW) ၏ အပိုဒ် ၁ တွင် ဖော်ပြထားပါသည်။

 

သို့ဖြစ်၍ အမျိုးသမီးများအား အကြမ်းဖက်မှုဟူသည့် ဝေါဟာရ၏ နောက်ကွယ်တွင် ကိုယ်ထိလက်ရောက် အကြမ်းဖက်မှု၊ နှုတ်အားဖြင့် စော်ကားမှုနှစ်ခုစလုံး အကျုံးဝင်သည်။ အကြမ်းဖက်ခံရသူသည် အနိုင်ကျင့်ခံရခြင်းနှင့် အတင်းအကျပ် ထိန်းချုပ်ခြင်းများကိုလည်း လိုက်ပါခံစားလာရသည်။

 

အကြမ်းဖက်ခံရမှု အမျိုးအစား

ကမ္ဘာတစ်ဝန်း အကြမ်းဖက်ခံရမှုများကို အမျိုးအစားခွဲခြားကြည့် မည်ဆိုလျှင် အကြမ်းဖက်ခံရနိုင်ခြေ ငါးမျိုးရှိသည်။ ၎င်းတို့မှာ -

• ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း (Physical Abuse)

• လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း (Sexual Abuse)

• ငွေကြေးပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း (Financial Abuse)

• စိတ်ခံစားမှုပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း (Emotional Abuse)

• ခံယူချက်အတွေးအခေါ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း

(Psychological Abuse) တို့ ဖြစ်ကြသည်။

 

ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတွင် အမျိုးသမီးများသည် သဘာဝအရ ကျား၊ မ (gender) ဆိုင်ရာ အားနွဲ့သူများဖြစ်သည့်အလျောက် ရိုက်နှက်ခံရခြင်း၊ ကန်ကျောက်ခံရခြင်း၊ ထိုးနှက်ခံရခြင်း၊ အန္တရာယ်ရှိ စေသည့် ပစ္စည်းများဖြင့် ခန္ဓာကိုယ်တွင် အနာတရဖြစ်အောင် လုပ်ဆောင်ခံရခြင်း (ဥပမာ ဆေးလိပ်မီးနှင့်တို့ခြင်း၊ ဓားလက်နက်၊ အက်စစ် ခေါ် ငရဲမီး စသည်) များပြုလုပ်ခံရသည်။

 

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအား အကြမ်းဖက်မှု ပပျောက်ရေးနေ့

နိုဝင်ဘာ ၂၅ ရက်သည် “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအား အကြမ်းဖက်မှု ပပျောက်ရေးနေ့” ဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးအချို့ အကြမ်းဖက်ခံနေရမှုကို ဂရုပြုစေလိုသဖြင့် ၁၉၉၉ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပသော ကုလသမဂ္ဂ အထွေထွေညီလာခံက သတ်မှတ်ပေးခြင်း ဖြစ်သည်။ ထိုနေ့မှသည် လူ့အခွင့်အရေးနေ့ဖြစ်သော ဒီဇင်ဘာ ၁၀ ရက်ထိတိုင်အောင် ၁၆ ရက်ကြာ တက်ကြွလှုပ်ရှားမှုသည် ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်းဖက် အဆုံးသတ်ရေး လှုပ်ရှားဆောင်ရွက်မှုများကို မီးမောင်းထိုးပေးမည့် အခါသမယလည်းဖြစ်ပါသည်။ အကြမ်းဖက်မှု ဆန့်ကျင်ရေး၏ သင်္ကေတအဖြစ်အသုံးပြုသည့် ဖဲကြိုးဖြူကိုအကြောင်းပြု၍ အဆိုပါ နေ့ရက်ကို “ဖဲကြိုးဖြူနေ့” ဟုလည်း ခေါ်ဆိုကြကြောင်း လေ့လာသိရ သည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အထိ ၁၆ ရက်တာ လှုပ်ရှားမှုကို ၁၉၉၁ ခုနှစ်ကစပြီး နှစ်ပေါင်း ၃၁ နှစ်တိုင် လုပ်ဆောင်လျက် ရှိနေပါသည်။

 

ကုလသမဂ္ဂ၏ သုံးသပ်ချက်

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုသည် ကမ္ဘာတစ်ဝန်း ရင်ဆိုင်နေရသည့် ပြဿနာတစ်ရပ်ဖြစ်ပြီး သန်းပေါင်းများစွာသော အမျိုးသမီးများ၏ လူမှုစီးပွားဘဝနှင့်ပညာရေးကို ထိခိုက်စေပါသည်။ ကုလသမဂ္ဂ၏ အစီရင်ခံစာများအရ ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးသုံးဦးတွင်တစ်ဦး (၃၀ ရာခိုင်နှုန်းခန့်) သည် ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ရင်းနှီးဖော်ရွေမှု သို့မဟုတ် လက်တွဲဖော်မဟုတ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို တစ်သက်တာလုံး ခံစားနေကြရကြောင်း၊ အကြမ်းဖက်မှုအများစုသည် ရင်းနှီးဖော်ရွေသူ၏ အကြမ်းဖက်မှုဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ အသက် ၁၅ နှစ်မှ ၄၉ နှစ်ကြားရှိ အမျိုးသမီး များ၏ သုံးပုံတစ်ပုံ (၂၇ ရာခိုင်နှုန်းနီးပါး)သည် ၎င်းတို့၏ ရင်းနှီးသောအဖော်ထံမှ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို တွေ့ကြုံခံစားခဲ့ရကြောင်း ဆိုထားသည်။

 

ပျမ်းမျှအမျိုးသမီးသုံးဦးလျှင် တစ်ဦးနှုန်းသည် ၎င်းတို့၏ ဘဝတစ်လျှောက်တွင် ကျား၊ မ အခြေပြု အကြမ်းဖက်မှုကို ကြုံတွေ့ခံစားနေရပြီး အချို့ကိစ္စများတွင် သေဆုံးသည်အထိ ဖြစ်ပေါ်ခဲ့သည်။ လူကုန်ကူးခံရသူ အားလုံး၏ ၇၁ ရာခိုင်နှုန်းသည် အမျိုးသမီးများနှင့်မိန်းကလေးများဖြစ်ပြီး ယင်းတို့အနက် သုံးဦးမှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းကို ခံနေကြရသည်။ ၂၀၂၁ ခုနှစ်အတွင်း အသက် ၂၀ မှ ၂၄ နှစ်ကြား အမျိုးသမီး ငါးဦးတွင် တစ်ဦးနီးပါးသည် ၁၈ နှစ် မပြည့်မီ လက်ထပ်ခဲ့ကြရသည်။ ဤသည်တို့မှာ အမျိုးသမီးများအား အကြမ်းဖက်မှုအပေါ် လူ့အသိုင်းအဝိုင်းမှ ကာလကြာရှည် မျက်ကွယ်ပြုနေမှု၊ နှုတ်ဆိတ်နေမှု၊ ကဲ့ရဲ့ပြစ်တင်မှုတို့ကြောင့် ကမ္ဘာ့ကပ်ဘေးတစ်ခုအဖြစ် တည်မြဲနေခြင်း ဖြစ်သည်။

 

အမျိုးသမီးများအတွက် ကာကွယ်ဝန်ဆောင်မှု

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုခံရခြင်းမှ လျော့ပါးစေရေးအတွက် တိုင်းဒေသကြီးအသီးသီးရှိ လူမှုဝန်ထမ်းရုံးများနှင့် ခရိုင်၊ မြို့နယ်လူမှုရုံးများကို ချိတ်ဆက်ပြီး Help Line အကူအညီ တောင်းခံနိုင်ရေး ဖုန်း ၀၆၇ - ၃၄၀၄၂၂ နှင့် ၀၆၇-၃၄၀၄၉၉ တို့ကို ဖွင့်လှစ်ခဲ့ပြီးတိုင်ကြားမှုများကိုလည်း လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။ ဆက်သွယ်ရေး အကူအညီတောင်းခံရာတွင်လည်း ဖုန်းဖြင့် ဆက်သွယ် ခြင်းအပြင် Viber သို့မဟုတ် Messenger များဖြင့်ပါ တိုင်ကြားနိုင်ရေးအတွက် တိုးချဲ့ဆောင်ရွက်ထားသည်။ တိုင်ကြားလာသည့် အမှုများကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်လူမှုဝန်ထမ်းရုံးများသို့ လွှဲပို့ရာတွင် သက်ဆိုင်ရာဒေသက အကြမ်းဖက်ခံရသူများကို ပံ့ပိုးပေးမှုအနေဖြင့် အကြမ်းဖက်ခံရသည့် အမျိုးသမီးများကို ယာယီလက်ခံ ဆောင်ရွက်ပေးနိုင်ရေးအတွက် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ လားရှိုး၊ ကယား စသည့်နေရာငါးနေရာတွင် One Stop Women Support Centre (OSWSC) များ ဖွင့်လှစ်ထားရှိပြီး ဝန်ဆောင်မှုများ ပေးလျက် ရှိပါသည်။

 

အားလုံးပေါင်းစုလှုပ်ရှားပေး

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးသည် လူထုအားလုံး ပူးပေါင်းပါဝင်နိုင်မှသာ အောင်မြင်နိုင်ပါလိမ့်မည်။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်က ထုတ်ပြန်သည့် မြန်မာနိုင်ငံ၏ ခန့်မှန်း လူဦးရေစာရင်းတွင် အမျိုးသားဦးရေ ၂၆ ဒသမ ၇ သန်း၊ အမျိုးသမီးဦးရေ ၂၉ ဒသမ ၁ သန်း စုစုပေါင်း လူဦးရေ ၅၅ ဒသမ ၈ သန်းရှိသည်ကို တွေ့ရသည်။ အဆိုပါ ကိန်းဂဏန်းအရ အမျိုးသမီးဦးရေက အမျိုးသား ဦးရေထက် ၂ ဒသမ ၄ သန်း ပိုများသည်။

 

ထိုသို့ပိုများသည့် အမျိုးသမီးများသည် နိုင်ငံအတွက် တစ်ထောင့် တစ်နေရာက အင်အားဖြစ်မည်ဆိုပါလျှင် သို့မဟုတ် ထိုအင်အားများ ပြိုင်တူတွန်းနိုင်ကြလျှင် မြန်မာနိုင်ငံ၏ အရွေ့တစ်ခုရောက်ရန်အင်အားများပင် ဖြစ်ပေတော့မည်။ တစ်နည်းဆိုသော် နိုင်ငံအတွက် အင်အားဖြစ်စေမည့် အမျိုးသမီးများ အကြမ်းဖက်မှုခံစားရပြီး ထိခိုက်နစ်နာ လျှင် “အား” မဖြစ်တော့ဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုလည်း “နှောင့်နှေး” သွားမည် ဖြစ်သည်။

 

အထူးသဖြင့် ကိုဗစ်ကပ်ရောဂါ အကျပ်အတည်းကာလသည် ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများအပေါ် အိမ်တွင်းအကြမ်းဖက်မှုကို သိသိသာသာ မြင့်တက်စေခဲ့သည်။ အမျိုးသမီးအများစုသည် အိမ်မှု တာဝန်နှင့် ဆက်စပ်နေသော ဝန်ထုပ်ဝန်ပိုးတို့ကြောင့် စိတ်ဖိစီးမှု တိုးလာကြရသည်။ အလုပ်အကိုင်များ ဆုံးရှုံးမှုတို့ကြောင့် စားဝတ်နေရေး ကျပ်တည်းလာသည်။ ကျောင်းများ ပိတ်ထားရသဖြင့် ဆယ်ကျော် သက် မိန်းကလေးများ စိတ်ဖိစီးမှုများလာသကဲ့သို့ နိုင်ငံအချို့တွင် အရွယ်မတိုင်မီ အတင်းအကျပ် လက်ထပ်ခံခဲ့ရသည်။ သို့ဖြစ်၍ အမျိုး သမီးများအပေါ် အကြမ်းဖက်မှုကို ရပ်တန့်စေမည့်တစ်ခုတည်းသော နည်းလမ်းမှာ ထိုအပြုအမူမျိုးကို လူ့အသိုင်းအဝိုင်းတစ်ခုလုံးက မလွဲမသွေ ဆန့်ကျင်ကြရန်သာ ဖြစ်ပါသည်။

 

အချုပ်ဆိုရလျှင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုသည် ကမ္ဘာပေါ်တွင် အကျယ်ပြန့်ဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ခုဖြစ်သကဲ့သို့ ယဉ်ကျေးသော လူ့အဖွဲ့အစည်းတွင် ဖြစ်ပွားနေသော ရာဇဝတ်မှုလည်းဖြစ်သည်။ ယင်းပြဿနာကိုသတိပြု မိစေရန်နှင့် ထိုသို့သောဖြစ်စဉ်များ လျှော့ချနိုင်ရန်မှာ လူသားဆန်မှု ရှိသူတိုင်း တာဝန်ဖြစ်သည်။ ထို့ကြောင့် အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုပပျောက်ရေးအတွက် အသိပညာ ပေးရုံသာမက အမျိုးသမီးများနှင့် အမျိုးသားများပါ အတူတကွ စုစည်းလုပ်ဆောင်ကြရမည်ဖြစ် သည်။ သို့မှသာ ကျား၊ မ တန်းတူ ညီမျှမှု၊ အပြန်အလှန် လေးစားမှုဖြင့် ဆက်ဆံနိုင်သော အနာဂတ်ကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။