နေပြည်တော် ဒီဇင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီမှကြီးမှူး၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသမီးကလေးများသင်တန်းကျောင်း (မလိခ) ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီ နာယက / ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ဇနီး၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံအမျိုးသမီးနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၊ အမျိုးသမီးအားကစား ဆပ်ကော်မတီနှင့် လေးကျွန်းသူဖောင်ဒေးရှင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်း၊ အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဌာန၊ အမျိုးသမီးကလေးများ သင်တန်းကျောင်း (မလိခ)၊ အမျိုးသမီးကလေးများ သင်တန်းကျောင်း (ထောက်ကြန့်) နှင့် အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန (တွံတေး) တို့မှ ကျောင်းသူများက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ဖျော်ဖြေတင်ဆက်ကြသည့် ကျောင်းသူအဖွဲ့များအား လူမှုဝန်ထမ်းဦးစီးဌာနနှင့် တက်ရောက်လာကြသည့် အသင်းအဖွဲ့များမှ အလှူငွေနှင့် အဝတ်အထည်များ လှူဒါန်းကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ပေးကြကြောင်း သိရသည်။
သတင်းစဉ်