ဟားခါး၊ ၇ ဒီဇင်ဘာ
၂၀၂၀ပြည့်နှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် Zoom Online Meeting အခမ်းအနားကို ဒီဇင်ဘာ ၇ ရက် နံနက် ၉ နာရီအချိန်က ဟားခါးမြို့၌ကျင်းပရာ ချင်းပြည်နယ်အမျိုးသမီး ကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
အမှာစကားပြောကြားရာတွင် ကမ္ဘာပေါ်ရှိ အမျိုးသမီး(၃)ဦးတွင် တစ်ဦးသည် အကြမ်းဖက်မှု တစ်မျိုးမျိုးနှင့်တွေ့ကြုံခံစားနေရပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းသည် လူသားမဆန်သည့် အပြုအမူဖြစ်ကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး(၁၆)ရက်သာ လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ၂၀၂၀ ပြည့်နှစ် ဆောင်ပုဒ်မှာ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်တုံ့ပြန်ဖို့၊ သီးသန့်ရန်ပုံငွေထားရှိလို့ အချက်အလက်ကောက်ယူစို့” ဖြစ်ကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ တားဆီးကာကွယ်နိုင်ရန်အတွက် ပြည်သူလူထုကိုဗဟိုပြုပြီး အမှန်တကယ်အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများကို မဟာဗျူဟာ၊ နည်းဗျူဟာများ ချမှတ်ဖော်ဆောင် လျက်ရှိကြောင်း၊ အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ရာတွင် အဖွဲ့အစည်းအားလုံး ပူးပေါင်းလက်တွဲဆောင်ရွက်ကြရန်များ ထည့်သွင်းပြောကြားသည်။
ထို့နောက် ချင်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာက ၂၀၂၀ ပြည့်နှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် Zoom Online Meeting အခမ်းအနားကျင်းပရခြင်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် အမျိုးသမီးအဖွဲ့အစည်းများကိုယ်စားလှယ် တစ်ဦးကလည်းကောင်း၊ ချင်းအမျိုးသမီးအဖွဲ့အစည်းမှ ဒေါ်ဂျူလီယားဇိန်တလွဲမဲန်က လည်းကောင်း အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေး ဆိုင်ရာများ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ၂၀၂၀ပြည့်နှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Video Clip ပြသပေးခဲ့ပြီး အဆိုပါ Zoom Online Meeting အခမ်းအနားသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အမျိုးသမီး ကော်မတီဝင်များ၊ ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက် အမျိုးသမီးအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)


