နေပြည်တော် ၇ ဒီဇင်ဘာ

 

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု ထာဝရဖဲကြိုးဖြူ အသိပညာပေးအစီအစဉ် အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။

 

ရှေးဦးစွာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု ထာဝရဖဲကြိုးဖြူ အသိပညာပေးအစီအစဉ်ကို ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်က စီစဉ်ကျင်းပခဲ့ပြီး အခမ်းအနားကို လွတ်လပ်ခြင်းနှင့် ဖဲကြိုးဖြူသီချင်းဖြင့် ဖွင့်လှစ်ပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူသားတစ်ဦးချင်းအနေဖြင့် လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်အရေးကြီးသည့်ကိစ္စဖြစ်ကြောင်း၊ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အန္တရာယ်များ ကိုကာကွယ်ပေးရန် လိုပါကြောင်း၊ အမျိုးသမီးများနှင့်ပတ်သက်၍ အကြမ်းဖက်မှုကာကွယ်ရေးသည် အရေးကြီးသည့်အချက်ဖြစ်သကဲ့သို့ အမျိုးသမီးနှင့် အမျိုးသားများသည် တန်းတူအခွင့်အရေးရရှိရေးသည်လည်း အရေးကြီးကြောင်း၊ တန်းတူအခွင့်အရေး ရရှိလျှင် အကြမ်းဖက်မှုလျော့နည်းနိုင်ကြောင်း၊ မိမိတို့သည့် လူသားများဖြစ်သောကြောင့် တစ်ဦးနှင့်တစ်ဦး အကြမ်းမဖက်ရ ဘူးဆိုသည်ကို လူသားဆန်စွာဖြင့် အသိအမြင်ရှိကြရမှာ ဖြစ်ကြောင်း၊ ဖဲကြိုးဖြူ၏ သဘောတရားသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှဆန့်ကျင့်သည့် သဘောတရားဖြစ်၍ ထာဝရဖဲကြိုးဖြူသည် မြန်မာ့လူမှုအသိုင်းအဝိုင်းတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ထာဝရဆန့်ကျင်ရမည့် သဘောဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသမီးများနှင့်ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ဖွဲ့စည်းထားကြောင်း၊ ကော်မတီတွင်အစိုးရ ဌာနဆိုင်ရာအဖွဲ့အစည်းများအပြင် ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက် (Gender Equality Network) အပါအဝင်အမျိုးသမီးအရေးတက်ကြွစွာ ဆောင်ရွက်နေကြသည့် အဖွဲ့(၇) ဖွဲ့ပါဝင်ပါကြောင်း၊ အမျိုးသမီးများ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်အတွက် အကြမ်းဖက်မှုများမှ ကာကွယ်ပေးရန်ပြည်သူများ အသိပညာများ ပိုမိုသိရှိလာစေရန်နှင့် ပိုမိုပါဝင်လာစေရန် (၁၆)ရက်တာလှုပ်ရှားမှုကို ဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက်မှုမှ ကာကွယ်ခြင်းသည် ပဋိပက္ခများကို ငြိမ်းချမ်းအောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ အစည်းအဝေးသဘောတူစာချုပ်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသောပြည်ထောင်စုကို တည်ဆောက်ရာတွင် ကျား၊ မ ရေးရာ အခြေပြုအကြမ်းဖက်မှုများကို ကာကွယ်နိုင်ရေးနှင့် ကဏ္ဍအသီးသီးတွင် အမျိုးသမီးများ (၃၀)ရာခိုင်နှုန်းပါဝင်ရေး အချက်များပါဝင်ကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ပေးရန် ဆောင်ရွက်ပေးကြသည့် အဖွဲ့အသီးသီးနှင့် ယနေ့ထာဝရဖဲကြိုးဖြူ အသိပညာပေးအစီအစဉ်ကို ဆောင်ရွက်ပေးကြသည့်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီအနေဖြင့် အမျိုးသမီးများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ Trocaire Myanmar ၏ တာဝန်ရှိသူတစ်ဦးက ထာဝရဖဲကြိုးဖြူ အသိပညာပေးအစီအစဉ်နှင့် ပတ်သက်၍ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

ထို့နောက် ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက် (Gender Equality Network) အကြောင်းကို  ဗီဒီယိုမှတ်တမ်းပြသခဲ့ပြီး တာဝန်ရှိသူတစ်ဦးက ထာဝရဖဲကြိုးဖြူအခမ်းအနား ကျင်းပရခြင်းနှင့် ဖြစ်ပေါ်လာပုံကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ထာဝရဖဲကြိုးဖြူအမည်ဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ပြုလုပ်ခဲ့သော လှုပ်ရှားမှုများကို ဗီဒီယိုဖြင့်ပြသခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများက စုပေါင်းမှတ်တင်ဓါတ်ပုံရိုက်ကြပြီး အခမ်းအနားကို သရုပ်ဖော် ဇာတ်လမ်းတိုများ၊ သံချပ်၊ သီချင်းများ ဖျော်ဖြေခြင်းနှင့် ပညာပေးအစီအစဉ်များဖြင့် ဆက်လက်ကျင်းပခဲ့ကြသည်။

 

အစိုးရအနေဖြင့် အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UN CEDAW)ကို အခြေခံ၍ မြန်မာအမျိုးသမီးများ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး ဥပဒေကို ဖော်ဆောင်လျက်ရှိခြင်း၊ ၂၀၁၉ ခုနှစ်အတွင်း ဖော်ဆောင်ခဲ့သော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေတွင် အသက်(၁၈)နှစ်အောက် အမျိုးသမီးငယ်ရွယ်သူများ အပါအဝင် ကလေးသူငယ်များအား အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ခြင်းကို ထည့်သွင်းပြဋ္ဌာန်းခြင်း၊ ပဋိပက္ခများအတွင်း အမျိုးသမီးများအား လိင်အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရန် အစိုးရ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အမျိုးသမီးအရေး တက်ကြွစွာလှုပ်ရှားနေကြသော အဖွဲ့အစည်းများ၊ ပြည်သူများအားလုံးနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်