အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အိမ်တွင်းမှုနှင့် စက်ချုပ်သင်တန်း ဆင်းပွဲများ ဆားလင်းကြီးမြို့၌ ကျင်းပ

ဆားလင်းကြီး ၇  စက်တင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းခန်းမ၌ စက်တင်ဘာ(၇)ရက် နံနက်(၈)နာရီက အမျိုးသမီးများအတွက် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံအိမ်တွင်းမှုသင်တန်း အမှတ်စဉ်(၃၈)နှင့် အဆင့်မြင့်စက်ချုပ် သင်တန်းအမှတ်စဉ်(၃၄) သင်တန်းဆင်းပွဲ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း က သင်တန်းဆင်း အမှာစကား ပြောကြားပြီး အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ်(၃၄)တွင် ထူးချွန်ဆုရရှိသော ကသာမြို့နယ် ပုလွေရွှေကျေးရွာနေ သင်တန်းသူ မဇင်မာဝေအား စက်ချုပ်စက်တစ်လုံးနှင့် အခြေခံအိမ်တွင်းမှု သင်တန်းအမှတ် စဉ်(၃၈)တွင် ထူးချွန်ဆုရရှိသော ဟုမ္မလင်းမြို့နယ် သဝန်ထွက်ဝကျေးရွာနေ သင်တန်းသူ မနန္ဒဝင်းအား စက်ချုပ်စက် တစ်လုံးတို့ကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးအောင်တင်ကျော်က သင်တန်းဆင်းလက်မှတ်များကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

ယင်းနောက် သင်တန်းသူများကိုယ်စား မော်လိုက်မြို့နယ် မှန်ပင်ကျေးရွာ အခြေခံအိမ်တွင်းမှု သင်တန်းသူ မနန်းမွန်ခိုင်က ကျေးဇူးတင်စကား ပြောခဲ့ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးအောင်တင်ကျော်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများက သူတန်းသူများ၏ လက်ရာများကို ကြည့်ရှုအားပေးခဲ့ကြသည်။

 

အဆိုပါ အခြေခံအိမ်တွင်းမှု သင်တန်း အမှတ်စဉ်(၃၈)သို့ သင်တန်းသူ (၅၅)ဦး၊ အဆင့်မြင့် စက်ချုပ် သင်တန်းအမှတ်စဉ်(၃၄)သို့သင်တန်းသူ(၂၆)ဦး၊ စုစုပေါင်း သင်တန်းသူ(၈၁)ဦးတက်ရောက်ခဲ့ပြီး ၎င်းတို့အား သင်တန်းနည်းပြ ဆရာမများက အခြေခံစက်ချုပ် ဘာသာရပ်၊ လက်မှုဘာသာရပ်၊ အချက်အပြုတ်ဘာသာရပ်၊ အဆင့်မြင့်စက်ချုပ် ဘာသာရပ်များကို သင်တန်းကာလမှာ  ဇွန်(၄)ရက်နေ့မှ စက်တင်ဘာ(၇)ရက်နေ့အထိ ရက်သတ္တပတ်(၁၄)ပတ်ကြာ သင်ကြားပို့ချပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ထွန်းကိုကို(ယင်းမာပင်)