အမျိုးသမီးများဘဝ စောင့်ရှောက်မြှင့်တင်

 

ကမ္ဘာပေါ်ရှိ နိုင်ငံအများစုတွင် အမျိုးသားဦးရေထက် အမျိုးသမီးဦးရေက ပိုမိုများပြားနေသည်။ မြန်မာနိုင်ငံတွင်လည်း အမျိုးသားဦးရေထက် အမျိုးသမီးဦးရေက ပိုမိုများပြားနေပြီး ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်းကောက်ယူမှုအရ အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက် ၁ ဒသမ ၇ သန်း ပိုများနေသည်ကို တွေ့ရသည်။

တစ်ချိန်သောကာလက မြန်မာနိုင်ငံရှိ အမျိုးသားအများစုသည် စီးပွားဥစ္စာ ရှာဖွေရေးအလုပ်ကို လုပ်ကိုင်ကြပြီး အမျိုးသမီးအများစုသည် အိမ်ထောင်ရှင်မအဖြစ် အိမ်ထောင်သားမွေးပြုစုပျိုးထောင်၊ မိသားစုထိန်းသိမ်း စောင့်ရှောက်ရေးတာဝန်ကို သာ ဦးစားပေးလုပ်ကိုင်ခဲ့ကြသည်။ ခေတ်စနစ်ပြောင်းလဲလာမှုနှင့်အတူ အမျိုးသမီး အများစုသည် အိမ်ထောင်သားမွေးအလုပ်သာမက အမျိုးသားများနှင့်တန်းတူ အလုပ်အကိုင်များ လုပ်ကိုင်လာကြသည်။ ထို့ကြောင့်အမျိုးသမီးများသည် အမျိုးသားများထက် မိသားစုဝန်ကို ပိုမို ထမ်းဆောင်ကြသည့် စွမ်းဆောင်ရှင်များအဖြစ် အသိအမှတ်ပြုကြရမည်ဖြစ်သည်။

အမျိုးသမီးများသည် အမျိုးသားများနည်းတူ မိသားစုအကျိုး၊ တိုင်းပြည် အကျိုးကို ထမ်းရွက်နေကြသူများဖြစ်၍ အမျိုးသားများနှင့် တန်းတူရည်တူ အခွင့်အရေးများရနိုင်အောင် ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ အမျိုးသမီးများသည် အမျိုးသားများနည်းတူ စွမ်းဆောင်နိုင်ကြသူများဖြစ်သော်လည်း အချို့အားနည်းသော အမျိုးသမီးများအပေါ်တွင် တစ်ဖက်သတ်ဖိနှိပ်ခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း၊ တန်းတူအခွင့်အရေးမပေးခြင်း၊ အနိုင်ကျင့်အကြမ်းဖက်ခံရခြင်းတို့နှင့် ကြုံတွေ့နေရသဖြင့် အမျိုးသမီးများအား ကာကွယ်စောင့်ရှောက် ပေးရေးနှင့် မြှင့်တင်ထူထောင် ပေးရေးတို့ကို နိုင်ငံအစိုးရများနှင့်အဖွဲ့အစည်းများက ကြိုးပမ်းဆောင်ရွက်နေကြသည်။

ယခုအခါ အမျိုးသမီးများအား တန်းတူရည်တူ အခွင့်အရေးများပေးနိုင်ရေး၊ အမျိုးသမီးများအခန်းကဏ္ဍကို ကျယ်ကျယ်ပြန့််ပြန့်လုပ်ဆောင်ပေးနိုင်ရေး၊ အမျိုး သမီးများအား စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရေးတို့အတွက် ကမ္ဘာတစ်ဝန်း၌ နှစ်စဉ်နှစ်တိုင်း မတ်လ ၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ကာ အမျိုးသမီးများကဏ္ဍကို ကျယ်ပြန့်စွာထုတ်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။ ယခု ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို “အရှိန်အဟုန်ဖြင့်တိုးတက်ရေး အမျိုးသမီးများတွင်မြှုပ်နှံပေး” ဟူသည့်ဆောင်ပုဒ်ကို ချမှတ်ထားပြီး အဆိုပါဆောင်ပုဒ်နှင့်အညီ ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်ရေးတွင် အမျိုးသမီးများအား ပိုမိုမြှုပ်နှံဖြည့်ဆည်းပေးပြီး မြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးရာတွင် ပညာရေး၊ စီးပွားရေးအခွင့်အလမ်းများရရှိခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိခြင်း၊ ဥပဒေပိုင်း ဆိုင်ရာအခွင့်အရေးနှင့် လူမှုဘဝအခွင့်အရေးများ အပြည့်အဝ ရရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ အမျိုးသမီးများအရည်အချင်းမြင့်မားလာစေရန် ပညာရေးသည် အဓိကကျသောအချက်ဖြစ်သည်။ အရည်အသွေးပြည့်မီသောပညာရေးသည် စွမ်းဆောင်ရည် မြင့်မားသော အမျိုးသမီးများဖြစ်လာစေသည်။ တန်းတူညီမျှ စီးပွားရေးအခွင့်အလမ်းများရရှိပြီး လုပ်ခလစာနှင့် အခွင့်အရေး ပိုမိုရရှိလာအောင် ဆောင်ရွက်ပေးရမည်ဖြစ်သည်။ အထူးသဖြင့် အမျိုးသမီးများသည် အနာဂတ်အတွက် သားကောင်းရတနာများမွေးထုတ်ပေးသူများဖြစ်၍ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုများ အပြည့်အဝ ပေးရမည်ဖြစ်သည်။

အမျိုးသမီးများသည် ပင်ကိုအားဖြင့် အားနွဲ့သူများဖြစ်၍ ခွဲခြားဆက်ဆံခံရမှု၊ လူမှုရေးဆိုင်ရာပြဿနာများနှင့် အကြမ်းဖက်ခံရမှုမှ ကင်းဝေးရေးအတွက် အမျိုးသမီးများ၏  အခွင့်အရေးကိုအာမခံနိုင်သော ခိုင်မာသည့် ဥပဒေမူဘောင်များ ချမှတ်ထာ ရန် အရေးကြီးသည်။ ဒီမိုကရေစီအသွင်ကူးပြောင်းနေသည့်ကာလတွင် နိုင်ငံရေး လုပ်ငန်းစဉ်များနှင့် ခေါင်းဆောင်မှုအခန်းကဏ္ဍများတွင် အမျိုးသမီးများ ပိုမိုတက်ကြွစွာပါဝင်လာနိုင်ရေး လမ်းဖွင့်အားပေးကြရမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် အမျိုးသမီးများအခန်းကဏ္ဍမှာ ပိုမိုကျယ်ပြန့်စွာ ပါဝင်လာပြီ ဖြစ်သော်လည်း စိန်ခေါ်မှုအမျိုးမျိုးရှိနေဆဲဖြစ်သည်။ အထူးသဖြင့် ခွဲခြားဆက်ဆံခံရခြင်း၊ တန်းတူအခွင့်အရေးမရခြင်းနှင့် အကြမ်းဖက်ခံရခြင်းတို့ ရှိနေဆဲဖြစ်သည်။

အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး၊ ကျား/မတန်းတူညီမျှရေးနှင့် အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ပေးနိုင်ရေးတို့အတွက် ၁၉၇၉ ခုနှစ်တွင် ကုလသမဂ္ဂက အတည်ပြုပြဋ္ဌာန်းပေးလိုက်သည့် “အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း” သည် နိုင်ငံတကာဆိုင်ရာ အမျိုးသမီးများအခန်းကဏ္ဍ ပိုမိုတိုးတက်မြင့်မားရေးအတွက် ခွန်အားတစ်ရပ်ဖြစ်စေ ခဲ့သည်။ သို့ဖြစ်ရာ နိုင်ငံအစိုးရများ၊ အစိုးရ/ပုဂ္ဂလိကလူမှုရေးအဖွဲ့အစည်းများနှင့် ကမ္ဘာတစ်ဝန်းရှိ ပြည်သူများပူးပေါင်းပြီး အမျိုးသမီးများဘဝ အရှိန်အဟုန်ဖြင့် တိုးတက်ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း။

ကြေးမုံ