နေပြည်တော် ၂၈ ဇန်နဝါရီ
အမျိုးသမီးများ၏ ဘဝတစ်လျှောက် အတွေ့အကြုံများဆိုင်ရာ လေ့လာမှုစစ်တမ်းနည်းပညာကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် အမျိုးသမီးများ၏ ဘဝတစ်လျှောက် အတွေ့အကြုံများဆိုင်ရာ လေ့လာမှု စစ်တမ်းနည်းပညာ ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် (SDG) အမှတ်စဉ်(၅)ပါ အညွှန်းကိန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေသည့် အချက်အလက်များကို ဖော်ထုတ်နိုင်ရန်၊ အမျိုးသမီးများ ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) အကောင်အထည်ဖော်ဆောင်ရွက်မှုတွင် အထောက်အကူပြုသည့် အချက်အလက်များ ရရှိနိုင်ရန်အတွက် ယခုကဲ့သို့နိုင်ငံအဆင့်လေ့လာမှု စစ်တမ်းအား ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ဤလေ့လာမှုစစ်တမ်းကို လူမှုဝန်ထမ်းဦးစီးဌာနနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့တို့၏ စီမံကြီးကြပ်မှု၊ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ ကူညီပံ့ပိုးမှုနှင့် နည်းပညာကော်မတီဝင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး လုပ်ငန်းစဉ်ကာလအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအထိ ဆောင်ရွက်မည်ဖြစ်ကြောင်း။
လေ့လာမှုစစ်တမ်းအတွက် ကိန်းဂဏန်းအရေအတွက်ပိုင်းဆိုင်ရာ အချက်အလက်များ၊ အကြောင်းအရာများကို ထဲထဲဝင်ဝင်လေ့လာနိုင်သည့် အရည်အသွေးပိုင်းဆိုင်ရာ အချက်အလက်များကို ကောက်ယူသွားမည်ဖြစ်ကြောင်း၊ အိမ်ထောင်စု (၅၀ဝ၀)ခန့်ထဲမှ အသက် (၁၅)နှစ်နှင့် (၆၄)နှစ်အတွင်းရှိ အမျိုးသမီးများအား တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် စစ်တမ်းကောက်ယူသွားမည် ဖြစ်ပါကြောင်း၊ ယင်းအချက်အလက်များကို အခြေခံပြီး ကျား၊ မရေးရာ တုံ့ပြန်မှုဆိုင်ရာလုပ်ငန်းများ၊ ဘတ်ဂျက်နှင့် မူဝါဒရေးဆွဲခြင်း၊ အမျိုးသမီးများ ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း အစီအစဉ်များ အကောင်အထည်ဖော်ခြင်းများအတွက် ထိရောက်၍ စနစ်ကျသော လုပ်ငန်းစနစ်များကို ဖော်ဆောင်နိုင်မည် ဖြစ်သောကြောင့် သုတေသနစစ်တမ်းအတွက် သက်ဆိုင်ရာကဏ္ဍများမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ လက်ရှိတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း) သည် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားပြီးဖြစ်သည့်အတွက် မကြာမီထွက်ပေါ်လာတော့မည် ဖြစ်ပါကြောင်း၊ ထို့အတွက် ယခုအမျိုးသမီးများ၏ ဘဝတစ်လျှောက် အတွေ့အကြုံများဆိုင်ရာ လေ့လာမှုစစ်တမ်းသည် အဆိုပါ ဥပဒေနှင့်လည်း ချိတ်ဆက်ရန်လိုပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ယခုစစ်တမ်းအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ထဲထဲဝင်ဝင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်လိုပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျ သံအမတ်ကြီးက အမှာစကားပြောကြားခြင်း၊ UNFPA မှ Country Representative က အမှာစကားပြောကြားခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အမျိုးသမီးများ၏ ဘဝတစ်လျှောက် အတွေ့အကြုံများဆိုင်ရာ လေ့လာမှုစစ်တမ်း နည်းပညာကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခြင်း၊ UNFPA နှင့် ဗဟိုစာရင်းအင်းအဖွဲ့မှ ကိုယ်စားလှယ်တို့က အမျိုးသမီးများ၏ ဘဝတစ်လျှောက် အတွေ့အကြုံများဆိုင်ရာ လေ့လာမှုစစ်တမ်း၏ ရည်ရွယ်ချက်၊ စည်းမျဉ်းများနှင့် သုတေသန မေးခွန်းပုံစံများအား ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်