၈  မတ်

 

မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမှာ အမျိုးသမီးတွေ ရင်ဆိုင်တွေ့ကြုံနေရတဲ့ အခြေအနေအရပ်ရပ်ကို ဝိုင်းဝန်းဖြေရှင်းပြီး ယင်းတို့ရဲ့ စွမ်းပကားတွေ မြင့်လာစေဖို့အတွက် အမျိုးသမီးအရေးတွေကိုနေရာအနှံ့မှာ ဘက်စုံထောင့်စုံကနေ စွမ်းစွမ်းတမံ လုပ်ဆောင်နေကြရပါတယ်။

 

ရွက်ပုန်းသီးစွမ်းအားရှိသူများ

 

လုပ်ဆောင်ကြရတဲ့အခါမှာလည်း စွမ်းစွမ်းတမံနဲ့အကျိုးသက်ရောက်မှု အကောင်းဆုံး လုပ်ဆောင်ပေးသူတွေ၊ တစ်နိုင်တစ်ပိုင် ဆောင်ရွက်ပေးနိုင်သူတွေ ရှိကြသလိုရွက်ပုန်းသီး စွမ်းအားရှိသူတွေလည်း ရှိကြပါတယ်။

 

သူများကို စွမ်းအားမြှင့်ပေးဖို့အတွက် ကိုယ်တိုင်အဘက်ဘက်က ကြိုးစားသူတွေကိုလည်း အများကြီးတွေ့ရပါတယ်။ သည်လို လုပ်ဆောင်နိုင်ဖို့ သက်ဆိုင်ရာ ဗဟုသုတတွေ၊ ပညာတွေကို အရင်ဆုံး သင်ကြားလေ့ကျင့်လိုက်စားကြပါတယ်။ သည်လိုလေ့ကျင့် သင်ကြားခွင့်ရဖို့ အခွင့်အလမ်း တွေကလည်း စိတ်ပါဝင်စားရင်၊ ကြိုးစားချင်စိတ်ရှိရင် မိမိနဲ့အနီးဆုံးကို ရောက်လာအောင် ဆောင်ရွက်တတ်တာတွေကလည်း လိုချင်သူတို့ရဲ့ ကြိုးစားမှုစွမ်းအားတွေပါ။

 

ကျွန်မအလုပ်လုပ်တဲ့နေရာမှာ ကိုယ်အင်္ဂါမသန်စွမ်းသူအမျိုးသမီးတစ်ယောက် သင်တန်းလာတက်ပါတယ်။ သူက မဟာတန်းအထိ တက်ရောက်အောင်မြင်ပြီးသားသူ တစ်ယောက်ပါ။ သူဆက်ပြီးလိုချင်တာ၊ သူတတ်ချင်တာ၊ သူအသက်မွေးဝမ်းကျောင်း ပြုချင်တာက ကွန်ပျူတာပညာပါ။ ရန်ကုန်မြို့ပေါ်က မဟုတ်ပါဘူး။ သင်တန်းချိန် မနက် ၉ နာရီရောက်နိုင်ဖို့ ရေတစ်တန် ကုန်းတစ်တန် သုံးဆင့်လောက်လာရပါတယ်။ စိတ်ထည့်ပြီး တက်လာတဲ့အခါမှာ တစ်ပတ်သင်တန်းချိန် သုံးရက်အတွက် ရန်ကုန်က အစ်မအိမ်ကနေ ဆက်တက်ဖို့ ကိုယ်တိုင်ရွေးချယ် ဆောင်ရွက်တာကို တွေ့ရပြန်ပါတယ်။ သင်တန်းတက်စဉ်ကာလမှာ အမြင်မသန်စွမ်းသူ သင်တန်းသားတွေကို ဝိုင်းဝန်းကူညီ ဖေးမပေး တာကို တွေ့ရပါတယ်။ သူနဲ့စကားပြောဖြစ်တဲ့အခါ အချိန်နဲ့တစ်ပြေးညီ၊ ခေတ်စနစ်နဲ့ တစ်ပြေးညီ မိမိကိုယ်မိမိစွမ်းအား ရှိသမျှ ဆောင်ရွက်နေဖို့လိုတယ်။ ဒါမှသာ မသန်ပေမယ့်အမြဲစွမ်းနိုင်မှာလို့ ဖြေခဲ့ပါတယ်။ စွမ်းပကားရှိသော အမျိုးသမီးပါ။

 

ပုန်းအောင်းနေတဲ့ စွမ်းအားတွေကိုတွေ

 

နောက်တစ်ယောက်က သင်တန်းမှာ အငယ်ဆုံးမိန်းကလေးပါ။ စကားပြောနိုင်ဖို့ အလွန်အားယူပြောရပါတယ်။ သူ့ရည်မှန်းချက်က သင်တန်းပြီးရင် တတ်မြောက်လာတဲ့ ကွန်ပျူတာပညာကို သူ့နေရပ်ဖြစ်တဲ့ ဝေးလံခေါင်ဖျားသော ရှမ်းပြည်မြောက်ပိုင်း တစ်နေရာမှာ ပြန်လည်သင်ကြားပေးချင်ပါတယ်လို့ သတင်းအချက်အလက် ဆက်သွယ်ရေးနည်း ပညာလေ့ကျင့်သင်ကြားရေး စင်တာဖွင့်ပွဲမှာ ဂုဏ်သရေရှိလူကြီးမင်းများ ရှေ့မှောက်မှာ တလေးတစားနဲ့ ယဉ်ကျေး သိမ်မွေ့စွာ ကြိုးစားအားယူဖြေကြားသွားပါတယ်။ သင်တန်းကို ကောင်းစွာအောင်မြင်ပေါက်ရောက်စွာ သင်ကြားနိုင်ခဲ့ပြီး သင်တန်းလက်ထောက်များ ခန့်အပ်ရန်အမှတ်မီနေတဲ့အတွက် လုပ်ပေးနိုင်၊ မပေးနိုင် ကမ်းလှမ်းတဲ့အခါ နယ်မှာ ပြန်သင်ပေးနိုင်ဖို့ ထပ်ပြီးလေ့ကျင့်လိုတဲ့ဆန္ဒကြောင့် လက်ထောက်လုပ်ရင်း ဆက်လေ့လာပါဦးမယ်ဆိုပြီး လက်ခံခဲ့ပါတယ်။ သင်တန်းလက်ထောက် လုပ်နေတဲ့ခုလို အချိန်တွေမှာ တပြုံးပြုံးနဲ့ တက်ရောက်နေသော မသန်စွမ်း သင်တန်းသားတွေကြားမှာ ကောင်းကောင်း အထောက်အကူပြုနိုင်ခဲ့ပါတယ်။ သင်တန်းတက်ရောက်သူများရဲ့သူ့အပေါ် ချစ်ခင်လေးစားတဲ့ စိတ်တွေကိုလည်း တွေ့ရှိနေရပါတယ်။ ရုံးလုပ်ငန်းတွေကိုလည်း မခိုမကတ်ဘဲ ရိုးစင်းစွာ မိသားစုဆန်ဆန် ဆောင်ရွက်ပေးလို့ အားလုံးကလည်း ချစ်ကြပါတယ်။ မိမိရဲ့ စိတ်ဓာတ်နဲ့ လုပ်ဆောင်ချက်တွေကို ပတ်ဝန်းကျင်နဲ့အညီ စွမ်းဆောင်နိုင်တဲ့ စွမ်းပကားရှိသော အမျိုးသမီးငယ်ပါ။

 

ကျွန်မပတ်ဝန်းကျင်မှာ ခုရက်ထဲ လေ့လာလို့ရတဲ့ သာမန်အမျိုးသမီးလေး နှစ်ဦးပါ။ ကျွန်မကိုယ်ကျွန်မ ဆန်းစစ်ကြည့်မိ ပြန်ပါတယ်။ ကျွန်မအနေနဲ့ အချိန်တော်တော် များများကို စီမံအုပ်ချုပ်ခြင်းဆိုင်ရာ ဘာသာရပ်တွေနဲ့ နှစ်သိမ့်ဆွေးနွေးခြင်း ဆိုင်ရာ ဘာသာရပ်တွေကို လေ့လာလိုက်စား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သလို အမျိုးသမီးတွေ ပါဝင်တဲ့ လူတော်တော်များများရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေး အခက်အခဲတွေကိုလည်း ဖြေရှင်းပေးရင်း သူတို့ရဲ့ ပုန်းအောင်းနေတဲ့ စွမ်းအားတွေကို အုပ်တစ်ချပ် သဲတစ်ပွင့်အဖြစ် မိမိတတ်အပ်သောပညာ အတွေ့အကြုံများနဲ့ ကူညီဖြေရှင်းပေးခွင့်ရနေ သူတစ်ဦးပါ။

 

မိမိကိုယ်တိုင်လည်း အမြဲထာဝရကြိုးစားသင့်

 

အောင်မြင်တာတွေရှိသလို စိတ်တိုင်းမကျဖြစ်ရတဲ့ အရာတွေကိုလည်း ကြုံတွေ့ရပါတယ်။ အောင်မြင်ခြင်း၊ ခက်ခဲခြင်း တွေကို ပြန်လည်ဆန်းစစ်လိုက်ရင် အများသူငါရဲ့ ခံယူချက်သဘောထားတွေ၊ မိမိသိသော မသိသော အကြောင်းခြင်းရာ တွေ၊ တွေ့ကြုံခံစားလိုက်ရတဲ့ အခက်အခဲတွေရဲ့ ပြင်းအားတွေ၊ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေရှိနေတဲ့ သူတို့နဲ့ ကူညီသူတို့မှာ ရှိနေတဲ့ သဘောထား၊ ဗဟုသုတနဲ့ ကျွမ်းကျင်မှုတွေကို အသုံးချတဲ့ ကျွန်မတို့ ဟန်ချက်ညီနိုင်ဖို့ကို စဉ်းစားဖြစ်လာရပါတယ်။

 

အထက်မှာ ဖော်ပြခဲ့တဲ့ အမျိုးသမီးငယ် နှစ်ယောက်က သူတို့စွမ်းဆောင်ချက်တွေကို သူတို့ကိုယ်တိုင် ဖော်ကျူးနိုင်တဲ သတ္တိတွေ အပြည့်ရှိနေကြသူတွေပါ။ တကယ်လို့များ သူတို့လူမှုရေးအခက်အခဲတွေ့လို့ ကျွန်မကိုများ အကူအညီ တောင်းခဲ့ရင် သူတို့မှာ ပုန်းအောင်းနေတဲ့ လုပ်ဆောင်နိုင်တဲ့ စွမ်းအင်တွေ၊ စိတ်ဓာတ်တွေကို လျှော့တွက်ပြီး ကျွန်မပြဋ္ဌာန်းသလောက်လေးနဲ့ ကူညီရင်တော့ ပြည့်စုံလုံလောက်တဲ့ အဖြေတစ်ခုရဖို့ရာ ခက်ခဲပါလိမ့်မယ်။

 

အမျိုးသမီးတစ်ယောက်ဖြစ်သော ကျွန်မလည်းတစ်ခါတစ်ရံမှာ စွမ်းအင်တွေ၊ စွမ်းအားတွေ လိုသည့်အခါတွေရှိပါတယ်။ ကိုယ်တိုင်စီမံနိုင်သလို တစ်ခါတစ်ရံ တခြားသော စွမ်းအင်မြင့်မားသူများရဲ့ လမ်းညွှန်မှုတွေကို ယူဆောင်ရပါတယ်။ အဲဒီအခါမှာ ကိုယ်တိုင်ရရှိလာတဲ့ စွမ်းအင်တွေအပေါ်မှာ နှစ်ထောင်းအားရဖြစ်မိပါတယ်။ ဖေးမသူတွေကိုလည်း ကျေးဇူးတွေဖော်မပြနိုင်အောင် တင်ဖြစ်ပါတယ်။

 

ဒါကို ထောက်ရှုခြင်းအားဖြင့်သူများတွေကို စွမ်းအားမြှင့်ဖို့ရာအတွက် ကျွန်မတို့တွေပါဝင်သော စွမ်းအားမြှင့်ပေး လိုသူများဟာ မိမိကိုယ်မိမိလည်း အမြဲထာဝရကြိုးစား လေ့ကျင့်ဖို့လိုတယ်ဆိုတာကို ဆင်ခြင်မိလာပါတယ်။ ဘာသာရပ်ဆိုင်ရာ လေ့လာလိုက်စားမှုတွေကို တိုးတက်လာတဲ့ခေတ်မှာ အလှမ်းမဝေးပေမယ့် မိမိရဲ့ ကိုယ်ရည်ကိုယ်သွေးကို လေ့ကျင့်ပျိုးထောင်ရာမှာတော့ မိမိကိုယ်မိမိ လေ့ကျင့်ရမှာ ဖြစ်တယ်ဆိုတာကို သတိကပ်ဖို့ လိုပါတယ်။

 

ဝမ်းပန်းတသာပူးပေါင်း ဆောင်ရွက်နိုင်ဖို့လို

 

မိမိရဲ့တန်ဖိုးထားမှုတွေ၊ စံတွေကလွဲချော်နေရင်လည်း အများအတွက် အမှန်အကန်ကို မစဉ်းစားပေးနိုင်တော့ဘဲလုပ်ငန်းရဲ့ အရည်အသွေးတွေကလည်း ကျဆင်းလာနိုင်တာကိုပါ သတိမူရမှာဖြစ်ပါတယ်။ အရည်အသွေးကောင်းသော စွမ်းအားရှိတယ်လို့ သတ်မှတ်ခံရသူတွေက စွမ်းအားနည်း သူတွေကို ဖေးမကူညီဖို့ဆိုရင် သတိမူမှဂူကို မြင်ရမှာပါ။

 

ယခုအချိန်အခါဟာ အမျိုးသမီးများရဲ့ စွမ်းအားကို မြှင့်တင်ပေးဖို့အဘက်ဘက်က ဆောင်ရွက်နေကြပါတယ်။ ကျွန်မတို့လည်း ကျရာနေရာကနေ မိမိတို့ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှနဲ့ စီမံဆောင်ရွက်ကြရာမှာ အဘက်ဘက်က အကောင်းဆုံး ဖြစ်အောင်ဆောင်ရွက်ကြရပါတယ်။ စီမံဆောင်ရွက်ရတဲ့အခါ၊ ကူညီရတဲ့အခါတွေမှာ မိမိကိုယ်မိမိ ပြင်ဆင်ဖို့လိုရင်ပြင်ဖို့ ဝန်မလေးသင့်ပါဘူး။ ကိုယ်နဲ့အတူတူ ဆောင်ရွက်နေတဲ့ တော်တဲ့တတ်တဲ့သူတွေ၊ ကိုယ့်လက်အောက်မှာ အရည်အချင်းအပြည့်အဝနဲ့ လုပ်ဆောင်နေသူတွေအပေါ်မှာလည်း ဝမ်းပန်းတသာပူးပေါင်း ဆောင်ရွက်နိုင်ဖို့လိုပါတယ်။ သည်လို နည်းတွေကို လက်ခံဆောင်ရွက်ဖို့ကျွန်မတို့ကြိုးစား ကြရပါ့မယ်။

 

မိမိက ကိုယ်တိုင်ပြုပြင်လေ့ကျင့်ရာ ပိုမိုတိုးတက်တဲ့လမ်းကြောင်းပေါ်ကို အရင်ရောက်မယ်။ အတူတူလုပ်ဖော်ကိုင်ဖက်တွေ အတူတူရောက်မယ်ဆိုရင် ရောက်ပြီးတဲ့အခါ ကျန်သူတွေကို ဆွဲခေါ်ရာမှာ ပိုမိုလွယ်ကူမှန်ကန်လာပါ လိမ့်မယ်။ အကျိုး သက်ရောက်မှုလည်း ပိုမိုအားကောင်းလာ မှာဖြစ်ပါတယ်။

 

အတုယူဖို့ ဝန်မလေးသင့်

 

မိမိထက်တော်တဲ့တတ်တဲ့ အမျိုးသမီးတွေကို အတုယူဖို့ဝန်မလေးသင့်ပါဘူး။ ကိုယ့်ထက် သဘောထားပြည့်ဝသူတွေ၊ စံချိန်စံညွှန်းကောင်းသူတွေ၊ ဗဟုသုတပြည့်ဝသူတွေ၊ ကျွမ်းကျင်သူတွေရဲ့ လုပ်ရပ်တွေကို လေ့လာအတုယူကြဖို့ လိုပါတယ်။ သူတို့တွေးတတ်သလို တွေးနိုင်ကြဖို့လိုပါတယ်။ သူတို့စွမ်းဆောင်မှုကို အတုယူတတ်ဖို့လိုပါတယ်။ သူတို့လို တွေးတတ်ဖို့၊ စွမ်းဆောင်နိုင်ဖို့ဆိုတာ မိမိကိုယ်တိုင်ပြောင်းလဲရမှာ ဖြစ်ပါတယ်။ ပြောင်းလဲဖို့ဆိုတာကလည်း မိမိကိုယ်တိုင် ပြောင်းလဲချင်စိတ်ရှိမှ ပြောင်းလဲလာအောင် လုပ်ဆောင်နိုင်မှ ဖြစ်မှာပါ။

 

မျိုးသမီးစွမ်းအားကို မြှင့်တင်တော့မယ်ဆိုရင် အထက်ကနမူနာဖြစ်ရပ် နှစ်ခုကိုကြည့်လိုက်တာနဲ့ သူတို့အစွမ်းအစနဲ့ သူတို့က ကြိုးစားနေတာကို တွေ့နိုင်ပါတယ်။ စွမ်းအားမရှိတွေလို့ သတ်မှတ်လို့မရပါဘူး။ သူများကိုကူညီလိုစိတ်ကလည်း သူတို့အစွမ်းအစကို ပိုမိုအားဖြည့်စေပါတယ်။ တချို့သော အမျိုးသမီးတွေထဲမှာလည်း အကြောင်းတစ်ခုခုကြောင့် စွမ်းအားမရှိတာတွေ၊ စွမ်းအားတွေကို ဖော်ဆောင်ခွင့် မရတာတွေ ရှိနေပါသေးတယ်။ စွမ်းအားမြှင့်တင်ပေးဖို့ဆိုတာ၊ မလုပ်ဆောင်နိုင်တာတွေကိုလုပ်ဆောင်နိုင်အောင်လို့ စွမ်းအားရှိသူတွေက လမ်းပြနိုင်ရမှာဖြစ်သလို လုပ်ဆောင်နိုင်ပေမယ့် လုပ်ဆောင်ဖို့ အခွင့်အလမ်းပျောက်နေသူတွေကို ကူညီဖေးမပြီး လမ်းပြနိုင်ဖို့လိုပါတယ်။

 

လူတိုင်းမှာ တူညီသော အခွင့်အရေးများရှိ

 

လူတိုင်းမှာ တူညီသောအခွင့်အရေးတွေရှိတယ်ဆိုတာကို လက်ခံနိုင်ရပါ့မယ်။ ဒီလိုစိတ်နဲ့ မြှင့်တင်ပေးနိုင်ဖို့ စဉ်းစားရပါ့မယ်။ ကိုယ်စွမ်းကိုယ်စရှိသူတွေ၊ ဉာဏ်စွမ်းဉာဏ်စရှိသူတွေရော၊ ရှိအောင်တည်ဆောက်နေသူတွေရော မိမိတို့ရဲ့ လေ့လာအား၊ လေ့ကျင့်အားတွေကို အဘက်ဘက်က ဘက်စုံထောင့်စုံ အောင်မြင်အောင်ကြိုးစားဆောင်ရွက် မယ်ဆိုရင် အလွန်အောင်မြင်မှာပဲလို့ တွေးမိရင်း ကျွန်မတို့ကိုယ်တိုင်လည်း လိုက်ပါဆောင်ရွက်ရင်း တခြားသော သူတွေနဲ့လည်း စိတ်တူကိုယ်တူဖြင့် အမျိုးသမီးစွမ်းပကား မြှင့်တင်ဖို့အရေး လက်တွဲဆောင်ရွက်ကြဖို့ ဆန္ဒပြုရင်း ၂၀၁၉ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုလိုက်ပါတယ်။ ။

 

ဒေါက်တာအေးမြတ်လွင် (ဟင်္သာတ)