ဒေါက်တာအေးမြတ်လွင်(ဟင်္သာတ)
မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမှာ အမျိုးသမီးတွေရင်ဆိုင်တွေ့ကြုံနေရတဲ့ အခြေအနေအရပ်ရပ်ကိုဝိုင်းဝန်းဖြေရှင်းပြီး ယင်းတို့ရဲ့ စွမ်းပကားတွေ မြင့်လာစေဖို့အတွက် အမျိုးသမီးအရေးတွေကို နေရာအနှံ့မှာ ဘက်စုံထောင့်စုံကနေ စွမ်းစွမ်းတမံလုပ်ဆောင်နေ ကြပါတယ်။
လုပ်ဆောင်ကြရတဲ့အခါမှာလည်း စွမ်းစွမ်းတမံနဲ့အကျိုးသက်ရောက်မှုအကောင်းဆုံးလုပ်ဆောင်ပေးသူတွေ၊ တစ်နိုင်တစ်ပိုင် ဆောင်ရွက်ပေးနိုင်သူတွေ ရှိကြ သလို ရွက်ပုံးသီးစွမ်းအားရှိသူတွေလည်း ရှိကြပါ တယ်။
သူများကို စွမ်းအားမြှင့်ပေးဖို့အတွက် ကိုယ်တိုင်အဘက်ဘက်က ကြိုးစားသူတွေကိုလည်း အများကြီး တွေ့ရပါတယ်။သည်လိုလုပ်ဆောင်နိုင်ဖို့ သက်ဆိုင်ရာ ဗဟုသုတတွေ ပညာတွေကို အရင်ဆုံးသင်ကြားလေ့ကျင့်လိုက်စားကြပါတယ်။သည်လိုလေ့ကျင့်သင်ကြားခွင့်ရဖို့ အခွင့်အလမ်းတွေကလည်း စိတ်ပါဝင်စားရင်၊ကြိုးစားချင်စိတ်ရှိရင် မိမိနဲ့အနီးဆုံးကို ရောက်လာ အောင် ဆောင်ရွက်တတ်တာတွေကလည်း လိုချင်သူတို့ရဲ့ ကြိုးစားမှုစွမ်းအားတွေပါ။
စွမ်းပကားရှိသော အမျိုးသမီ
ကျွန်မ အလုပ်လုပ်တဲ့နေရာမှာ ကိုယ်အင်္ဂါမသန်စွမ်းသူ အမျိုးသမီးတစ်ယောက် သင်တန်းလာတက်ပါတယ်။ သူက မဟာတန်းထိ တက်ရောက်အောင်မြင်ပြီး သားသူတစ်ယောက်ပါ။ သူဆက်ပြီးလိုချင်တာ၊ သူတတ်ချင်တာ၊ သူအသက်မွေးဝမ်းကျောင်း ပြုချင်တာက ကွန်ပျူတာပညာပါ။ ရန်ကုန်မြို့ပေါ်က မဟုတ်ပါဘူး။သင်တန်းချိန် မနက် ၉ နာရီရောက်နိုင်ဖို့ ရေတစ်တန်ကုန်းတစ်တန် သုံးဆင့်လောက်လာရပါတယ်။ စိတ်ထည့်ပြီးတက်လာတဲ့အခါမှာ တစ်ပတ်သင်တန်းချိန်သုံးရက်အတွက် ရန်ကုန်က အစ်မအိမ်ကနေဆက်တက်ဖို့ကိုယ်တိုင်ရွေးချယ်ဆောင်ရွက်တာကို တွေ့ရပြန်ပါတယ်။ သင်တန်းတက်စဉ်ကာလမှာ အမြင်မသန်စွမ်းသူသင်တန်းသားတွေကို ဝိုင်းဝန်းကူညီဖေးမတာကို တွေ့ရ ပါတယ်။ သူနဲ့စကားပြောဖြစ်တဲ့အခါ အချိန်နဲ့တစ်ပြေးညီခေတ်စနစ်နဲ့တစ်ပြေးညီ မိမိကိုယ်မိမိ စွမ်းအားရှိသမျှ ဆောင်ရွက်နေဖို့လိုတယ်၊ ဒါမှသာ မသန်ပေမယ့် အမြဲစွမ်းနိုင်မှာလို့ ဖြေခဲ့ပါတယ်။ စွမ်းပကားရှိသော အမျိုး သမီးပါ။
ပတ်ဝန်းကျင်နဲ့အညီ
နောက်တစ်ယောက်က သင်တန်းမှာ အငယ်ဆုံး မိန်းကလေးပါ။ စကားပြောနိုင်ဖို့ အရမ်းအားယူပြောရပါ တယ်။ သူ့ရည်မှန်းချက်က သင်တန်းပြီးရင် တတ်မြောက်ထားတဲ့ ကွန်ပျူတာပညာကို သူ့နေရပ်ဖြစ်တဲ့ ဝေးလံခေါင်ဖျားသော ရှမ်းပြည်နယ်(မြောက်ပိုင်း) တစ်နေရာမှာ ပြန်လည်သင်ကြားပေးချင်ပါတယ်လို့ သတင်းအချက်အလက်ဆက်သွယ်ရေးနည်းပညာ လေ့လာသင်ကြား ရေး စင်တာဖွင့်ပွဲမှာ ဂုဏ်သရေရှိလူကြီးမင်းများ ရှေ့မှောက်မှာ တလေးတစားနဲ့ ယဉ်ကျေးသိမ်မွေ့စွာ အားယူဖြေကြားသွားပါတယ်။ သင်တန်းကို ကောင်းစွာ အောင်မြင်ပေါက်ရောက်စွာ သင်ကြားနိုင်ခဲ့ပြီး သင်တန်း လက်ထောက်များ ခန့်အပ်ရန် အမှတ်မီနေတဲ့အတွက်လုပ်ပေးနိုင်၊ မပေးနိုင် ကမ်းလှမ်းတဲ့အခါ နယ်မှာပြန်သင်ပေးနိုင်ဖို့ ထပ်ပြီးလေ့ကျင့်လိုတဲ့ဆန္ဒကြောင့်လက်ထောက်လုပ်ရင်း ဆက်လေ့လာပါဦးမယ်ဆိုပြီး လက်ခံခဲ့ပါတယ်။
သင်တန်းလက်ထောက်လုပ်နေတဲ့ ခုလိုအချိန်တွေမှာ တပြုံးပြုံးနဲ့ တက်ရောက်နေသော မသန်စွမ်း သင်တန်းသားတွေကြားမှာ ကောင်းကောင်း အထောက်အကူပြုနိုင်ခဲ့ပါတယ်။ သင်တန်းတက်ရောက်သူများရဲ့ သူ့အပေါ် ချစ်ခင်လေးစားတဲ့ စိတ်တွေကိုလည်း တွေ့ရှိနေရပါတယ်။ ရုံးလုပ်ငန်းတွေကိုလည်း မခိုကပ်ဘဲရိုးစင်းစွာ မိသားစုဆန်ဆန်ဆောင်ရွက်ပေးလို့ အားလုံး ကလည်း ချစ်ကြပါတယ်။ မိမိရဲ့ စိတ်ဓာတ်နဲ့ လုပ်ဆောင်ချက်တွေကို ပတ်ဝန်းကျင်နဲ့အညီ စွမ်းဆောင်နိုင်တဲ့စွမ်းပကားရှိသော အမျိုးသမီးငယ်ပါ။
အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ်
ကျွန်မပတ်ဝန်းကျင်မှာ ခုရက်ထဲ လေ့လာလို့ရတဲ့သာမန်အမျိုးသမီးလေး နှစ်ဦးပါ။
ကျွန်မကိုကျွန်မ ဆန်းစစ်ကြည့်မိပြန်ပါတယ်။ကျွန်မအနေနဲ့ အချိန်တော်တော်များများကို စီမံအုပ်ချုပ်ခြင်းဆိုင်ရာ ဘာသာရပ်တွေနဲ့ နှစ်သိမ့်ဆွေးနွေး ခြင်းဆိုင်ရာ ဘာသာရပ်တွေကို လေ့လာလိုက်စား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သလို အမျိုးသမီးတွေပါဝင်တဲ့ လူတော်တော်များများရဲ့ စိတ်ပိုင်းဆိုင်ရာ နဲ့လူမှုရေးအခက်အခဲတွေကိုလည်း ဖြေရှင်းပေးရင်း သူတို့ရဲ့ ပုန်းအောင်းနေတဲ့ စွမ်းအားတွေကို အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် မိမိတတ်အပ်သောပညာ အတွေ့အကြုံ များနဲ့ ကူညီဖြေရှင်းပေးခွင့်ရနေသူတစ်ဦးပါ။
ဟန်ချက်ညီနိုင်ဖို
အောင်မြင်တာတွေရှိသလို စိတ်တိုင်းမကျဖြစ်ရတဲ့အရာတွေကိုလည်း ကြုံတွေ့ရပါတယ်။ အောင်မြင်ခြင်း ခက်ခဲခြင်းတွေကို ပြန်လည်ဆန်းစစ်လိုက်ရင် အများသူငါရဲ့ ခံယူချက်သဘောထားတွေ၊ မိမိသိသောမသိသော အကြောင်းခြင်းရာတွေ၊ တွေ့ကြုံခံစားလိုက်ရတဲ့ အခက်အခဲတွေရဲ့ ပြင်းအားတွေ၊ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေရှိနေတဲ့ သူတို့နဲ့ ကူညီသူတို့မှာရှိနေတဲ့ သဘောထား၊ ဗဟုသုတနဲ့ ကျွမ်းကျင်မှုတွေကို အသုံးချတဲ့ ကျွန်မတို့ ဟန်ချက်ညီနိုင်ဖို့ကို စဉ်းစားဖြစ်လာရပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ အမျိုးသမီးငယ်နှစ်ယောက်က သူတို့ စွမ်းဆောင်ချက်တွေကို သူတို့ကိုယ်တိုင်ဖော်ကျူးနိ်ုင်တဲ့သတ္တိတွေ အပြည့်ရှိနေကြသူတွေပါ။ တကယ်လို့များ သူတို့လူမှုရေး အခက်အခဲတွေ့လို့ ကျွန်မကိုများ အကူအညီတောင်းခဲ့ရင် သူတို့မှာပုန်းအောင်း နေတဲ့ လုပ်ဆောင်နိုင်တဲ့ စွမ်းအင်တွေ၊ စိတ်ဓာတ်တွေကိုလျှော့တွက်ပြီး ကျွန်မပြဋ္ဌာန်းသလောက်လေးနဲ့ ကူညီရင်တော့ ပြည့်စုံလုံလောက်တဲ့ အဖြေတစ်ခုရဖို့ရာ ခက်ခဲပါလိမ့်မယ်။
အမျိုးသမီးတစ်ယောက်ဖြစ်သော ကျွန်မလည်း တစ်ခါတစ်ရံမှာ စွမ်းအင်တွေ၊ စွမ်းအားတွေ လိုသည့်အခါ တွေရှိပါတယ်၊ ကိုယ်တိုင် စီမံနိုင်သလို တစ်ခါတစ်ရံတခြားသော စွမ်းအင်မြင့်မားသူများရဲ့ လမ်းညွှန်မှုတွေကိုယူဆောင်ရပါတယ်။ အဲဒီအခါမှာ ကိုယ်တိုင်ရရှိလာ တဲ့ စွမ်းအင်တွေအပေါ်မှာ နှစ်ထောင်းအားရဖြစ်မိပါတယ်။ ဖေးမသူတွေကိုလည်း ကျေးဇူးတွေ ဖော်မပြနိုင်အောင်တင်ဖြစ်ပါတယ်။
အမြဲထာဝရ ကြိုးစားလေ့ကျင့်ဖို့လို
ဒါကို ထောက်ရှုခြင်းအားဖြင့် သူများတွေကိုစွမ်းအားမြှင့်ဖို့ရာအတွက် ကျွန်မတို့တွေပါဝင်သော စွမ်းအားမြှင့်ပေးလိုသူများဟာ မိမိကိုယ်မိမိလည်း အမြဲထာဝရ ကြိုးစားလေ့ကျင့်ဖို့လိုတယ်ဆိုတာကို ဆင်ခြင်မိလာပါတယ်။ ဘာသာရပ်ဆိုင်ရာ လေ့လာလိုက်စားမှုတွေ တိုးတက်လာတဲ့ခေတ်မှာ အလှမ်း မဝေးပေမယ့် မိမိရဲ့ ကိုယ်ရည်ကိုယ်သွေးကို လေ့ကျင့်ပျိုးထောင်ရာမှာတော့ မိမိကိုယ်မိမိလေ့ကျင့်ရမှာ ဖြစ်တယ်ဆိုတာကို သတိကပ်ဖို့ လိုပါတယ်။
မိမိရဲ့ တန်ဖိုးထားမှုတွေ၊ စံတွေက လွဲချော်နေရင်လည်း အများအတွက် အမှန်အကန်ကို မစဉ်းစား ပေးနိုင်တော့ဘဲ လုပ်ငန်းရဲ့အရည်အသွေးတွေကလည်း ကျဆင်းလာနိုင်တာကိုပါ သတိမူရမှာဖြစ်ပါတယ်။ အရည်အသွေးကောင်းသော စွမ်းအားရှိတယ်လို့သတ်မှတ်ခံရသူတွေက စွမ်းအားနည်းသူတွေကို ဖေးမ ကူညီဖို့ဆိုရင် သတိမူမှ ဂူကိုမြင်ရမှာပါ။
အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်
ယခုအချိန်အခါဟာ အမျိုးသမီးများရဲ့ စွမ်းအားကိုမြှင့်တင်ပေးဖို့ အဘက်ဘက်က ဆောင်ရွက်နေကြပါတယ်။ ကျွန်မတို့လည်း ကျရာနေရာကနေ မိမိတို့ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှနဲ့ စီမံဆောင်ရွက်ကြရာမှာ အဘက်ဘက်က အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ကြရပါတယ်။ စီမံဆောင်ရွက်ရတဲ့အခါ၊ ကူညီရတဲ့အခါ တွေမှာ မိမိကိုမိမိ ပြင်ဆင်ဖို့လိုရင် ပြင်ဖို့ဝန်မလေး သင့်ပါဘူး။ ကိုယ်နဲ့အတူတူ ဆောင်ရွက်နေတဲ့ တော်တဲ့တတ်တဲ့သူတွေ၊ ကိုယ့်လက်အောက်မှာ အရည်အချင်း အပြည့်အဝနဲ့ လုပ်ဆောင်နေသူတွေအပေါ်မှာလည်း ဝမ်းပန်းတသာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ သည်လိုနည်းတွေကို လက်ခံဆောင်ရွက်ဖို့ ကျွန်မတို့ကြိုးစားကြရပါမယ်။
အတုယူဖို့ ဝန်မလေးသင်
မိမိက ကိုယ်တိုင်ပြုပြင်လေ့ကျင့်ရင် ပိုမိုတိုးတက်တဲ့လမ်းကြောင်းပေါ်ကို အရင်ရောက်မယ်၊ အတူတူလုပ်ဖော်ကိုင်ဖက်တွေ တူတူရောက်မယ်ဆိုရင်၊ ရောက်ပြီးတဲ့အခါ ကျန်သူတွေကို ဆွဲခေါ်ရာမှာ ပိုမိုလွယ်ကူမှန်ကန်လာပါလိမ့်မည်။ အကျိုးသက်ရောက်မှုလည်း ပိုမိုအားကောင်းလာမှာ ဖြစ်ပါတယ်။
မိမိထက်တော်တဲ့တတ်တဲ့ အမျိုးသမီးတွေကိုအတုယူဖို့ ဝန်မလေးသင့်ပါဘူး။ ကိုယ့်ထက်သဘောထား ပြည့်ဝသူတွေ၊ စံချိန်စံညွှန်းကောင်းသူတွေ၊ ဗဟုသုတပြည့်ဝသူတွေ၊ ကျွမ်းကျင်သူတွေရဲ့ လုပ်ရပ်တွေကိုလေ့လာအတူယူကြဖို့ လိုပါတယ်။
သူတို့တွေးတတ်သလို တွေးနိုင်ကြဖို့လိုပါတယ်။ သူတို့စွမ်းဆောင်မှုကို အတုယူတတ်ဖို့ လိုပါတယ်။ သူတို့လိုတွေးတတ်ဖို့ စွမ်းဆောင်နိုင်ဖို့ဆိုတာ မိမိကိုယ်တိုင်ပြောင်းလဲရမှာ ဖြစ်ပါတယ်။ ပြောင်းလဲဖို့ဆိုတာက လည်း မိမိကိုယ်တိုင်ပြောင်းလဲချင်စိတ်ရှိမှ ပြောင်းလဲလာအောင် လုပ်ဆောင်နိုင်မှဖြစ်မှာပါ။
အမျိုးသမီးစွမ်းအားကို မြှင့်တင်တော့မယ်ဆိုရင်အထက်ကကေ့(စ်)နှစ်ခုကို ကြည့်လိုက်တာနဲ့ သူတို့အစွမ်းအစနဲ့ သူတို့က ကြိုးစားနေတာကို တွေ့နိုင်ပါတယ်။ စွမ်းအားမရှိသူတွေလို့ သတ်မှတ်လို့မရပါဘူး။ သူများကိုကူညီလိုစိတ်ကလည်း သူတို့အစွမ်းအစကို ပိုမိုအားဖြည့်စေပါတယ်။ တချို့သော အမျိုးသမီးတွေထဲမှာလည်း အကြောင်းတစ်ခုခုကြောင့် စွမ်းအားမရှိတာတွေ၊ စွမ်း အားတွေကို ဖော်ဆောင်ခွင့်မရတာတွေ ရှိနေပါသေး တယ်။ စွမ်းအားမြှင့်တင်ပေးဖို့ဆိုတာ မလုပ်ဆောင်နိုင်တာတွေကို လုပ်ဆောင်နိုင်လို့ စွမ်းအားရှိသူတွေက လမ်းပြနိုင်ရမှာ ဖြစ်သလို လုပ်ဆောင်နိုင်ပေမယ့်လုပ်ဆောင်ဖို့ အခွင့်အလမ်းပျောက်နေသူတွေကိုကူညီဖေးမပြီး လမ်းပြနိုင်ဖို့လိုပါတယ်။
စိတ်တူကိုယ်တူ
လူတိုင်းမှာ တူညီသောအခွင့်အရေးတွေရှိတယ်ဆိုတာကို လက်ခံနိုင်ရပါ့မယ်။ သည်လိုစိတ်နဲ့ မြှင့်တင်ပေးနိုင်ဖို့ စဉ်းစားရပါမယ်။ ကိုယ်စွမ်းကိုယ်စရှိသူတွေဉာဏ်စွမ်းဉာဏ်စရှိသူတွေရော၊ ရှိအောင်တည်ဆောက်နေသူများရော မိမိတို့ရဲ့ လေ့လာအား၊ လေ့ကျင့်အားတွေကို အဘက်ဘက်က ဘက်စုံထောင့်စုံ အောင်မြင်အောင်ကြိုးစားမယ်ဆိုရင် အလွန်အောင်မြင်မှာပဲလို့ တွေးမိရင်း ကျွန်မတို့ကိုယ်တိုင်လည်း လိုက်ပါဆောင်ရွက်ရင်း တခြားသောသူများနှင့်လည်း စိတ်တူကိုယ်တူဖြင့် အမျိုး သမီးစွမ်းပကား မြှင့်တင်ဖို့အရေး လက်တွဲဆောင်ရွက်ကြဖို့ ဆန္ဒပြုရင်း ၂၀၁၉ ခုနှစ် မတ်လ ၈ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ နေ့ကို ဂုဏ်ပြုလိုက်ပါတယ်။ ။
ကြေးမုံ