နေပြည်တော်  ၁၃  မတ်

 

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် Finn Church Aid (FCA)အဖွဲ့တို့သည် အမျိုးသမီးများနှင့် ကျေးလက်နေ ပြည်သူများအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ယနေ့ နားလည်မှုစာချွန်လွှာ(MOU) လက်မှတ်ရေးထိုးကြကြောင်း အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

 

အမျိုးသမီးများနှင့် ကျေးလက်နေ ပြည်သူများအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာကို အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခွန်အေးနိုင်နှင့် Finn Church Aid (FCA)အဖွဲ့ ဌာနေကိုယ်စားလှယ် Mr. Henry Braun တို့က လက်မှတ်ရေးထိုးကြခြင်းဖြစ် သည်။

 

အဆိုပါစီမံကိန်းကို အမေရိကန်ဒေါ်လာ (၁)သန်းဖြင့် ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

 

စီမံကိန်းကို ဆင်းရဲနွမ်းပါးသည့် အမျိုးသမီးများနှင့် လူငယ်လူရွယ်များအတွက် ရည်ရွယ်ပြီး စီမံကိန်းဒေသရှိ ပြည်သူများ ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ လုပ်ကိုင်လာနိုင်ရန်အတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ အမျိုးသမီးများအတွက် ကိုယ့်အားကိုယ်ကိုးအဖွဲ့များ ဖြစ်လာစေရန် ဖွဲ့စည်းပေးခြင်း၊ သင်တန်းဆင်းများအတွက် တစ်ပိုင်တစ်နိုင်လုပ်ငန်းငယ်များ တည်ထောင်လုပ်ကိုင်နိုင်ရန် စက်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် ရင်းနှီးငွေများ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကေတာ