အမျိုးသမီးများနှင့် ဥပဒေအသိပညာ

ဥပဒေအတွေးရေးပါရစေ  အပိုင်း(၂၄၅ )

ဦးဟန်ညွန့် (ဥပဒေ)

မောင်ပျင်းရိ၏မေးခွန်း

“ဆရာကြီးခင်ဗျာ၊     အမျိုးသမီးများနဲ့ ပတ်သက်လို့ သတင်းစာဂျာနယ်တွေမှာ မှုခင်းကိစ္စ တွေ  မကြာခဏ ဖတ်ရ၊ တွေ့ရပါတယ်။ အမျိုးသမီး အများစုဟာ ဆင်းရဲနွမ်းပါးသူနဲ့ ဥပဒေအသိပညာ ဗဟုသုတ မပြည့်စုံတဲ့ အခြေခံမျိုးတွေ ရှိတတ်ပါ တယ်။ ဒါကြောင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု  တွေ၊ လူမှောင်ခိုမှုတွေ ကျူးလွန်ခြင်း ခံရတတ်ပါ တယ်။ ဒီလိုဖြစ်တာ ဘာကြောင့်ပါလဲ။ ဥပဒေ အကိုးအကားနဲ့ အများနားလည်အောင် ရှင်းပြပေး ပါခင်ဗျာ” ဟု အလုပ်သင်ရှေ့နေ မောင်ပျင်းရိက  မေးမြန်းလာပြန်ပါသည်။ မောင်ပျင်းရိက အမည် နှင့် လိုက်အောင်  ပျင်းရိတတ်သော်လည်း  ဤ တစ်ချိန်တွင်မူ  သူ့မေးခွန်းမှာ အဆင့်မြင့်သည်ဟု ကျွန်တော်ထင်မြင်မိပါသည်။ ထို့ကြောင့် ဤစာကို ရေးပါသည်။

အမျိုးသမီးငယ်များ၏ သဘောသဘာဝ

အမျိုးသမီးများသည်  အားငယ်တတ်သူများ ဖြစ်သည်။ ရိုးသား၍ အရှက်အကြောက်ကြီးမား သူများလည်းဖြစ်သည်။ မမှန်မကန် နစ်နာမှုများ တွေ့ကြုံသည့်အခါ မပြောရဲ၊ မဆိုရဲကြပါ။ အရှက် တရားကြောင့်  မိမိကိုယ်တွေ့ကြုံခဲ့သည်များကို အာဏာပိုင်များအား သတင်းပေးရန် (သို့မဟုတ်) တိုင်ကြားရန် တွန့်ဆုတ်တတ်ပါသည်။ အဖြစ်မှန်ကို သက်သေထွက်ဆိုချက်ပေးရန်    မဝံ့မရဲလည်း ဖြစ်တတ်ပါသည်။ ရှက်ရွံ့တတ်ပါသည်။ ကြောက်ရွံ့ တတ်ပါသည်။   နာကြည်းမှုကို   ကြိတ်မှိတ်၍ ခံတတ်ကြပါသည်။ ပြန်လည်၍  မပြောပြလိုပါ။ အရှက်နှင့်  ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်မှု လိုအပ်ပါမည်။ အမျိုးသမီးများ၏ဘဝ  လုံခြုံရန် လိုအပ်ပါသည်။   သို့အတွက်   ဥပဒေအသိပညာ တတ်သိနားလည်ရေးမှာ     အဓိကလိုအပ်ချက် ဖြစ်နေပြန်ပါသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈)

ပုဒ်မ ၃၄၈ တွင် နိုင်ငံတော်သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့် နိုင်ငံသား ကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ  ဘာသာ၊ ရာထူး ဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲ ချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှု  မရှိစေရဟု  ပြဋ္ဌာန်းထားပေသည်။

ရာဇသတ်ကြီး

ရာဇသတ်ကြီးတွင်    အမျိုးသမီးများနှင့် တိုက်ရိုက်သက်ဆိုင်သော    ပြဋ္ဌာန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

 ပုဒ်မ ၃၁၄ -  ကိုယ်ဝန်ပျက်စေရန် အကြံနှင့် ပြုသော ပြုလုပ်မှုဖြင့် သေစေ ခြင်း ။

 ပုဒ်မ ၃၅၄   - အမျိုးသမီး၏     ကာယိန္ဒြေ ပျက်စီးစေရန်      အကြံဖြင့် လက်ရောက်မှု  ကျူးလွန်ခြင်း၊

   သို့တည်းမဟုတ်   ရာဇဝတ် မကင်းသော   အနိုင်အထက် ပြုမှုကို ပြုခြင်း။

 ပုဒ်မ ၃၆၆  - အတင်းအဓမ္မ   ထိမ်းမြားပေး စားရန်     စသည်တို့အတွက် အမျိုးသမီးကို  ခိုးယူမှု၊

   သို့တည်းမဟုတ် သွေးဆောင် ဆွဲခေါ်မှု၊   သို့တည်းမဟုတ် သွေးဆောင်မှု ။

 ပုဒ်မ ၃၇၂  - အရွယ်မရောက်   သေးသူကို ပြည့်တန်ဆာကိစ္စ   စသည် များအလို့ငှာ ရောင်းမှု ။

 ပုဒ်မ ၃၇၃  - အရွယ်မရောက်   သေးသူကို ပြည့်တန်ဆာကိစ္စ  စသည်များ အလို့ငှာ  ဝယ်မှု ။

 ပုဒ်မ ၃၇၆   -  ပုဒ်မ ၃၇၅ ပြဋ္ဌာန်းချက်ပါ မုဒိမ်းမှု           ကျူးလွန်သူကို  ထောင်ဒဏ်   နှစ်  နှစ်ဆယ် ဖြစ်စေ၊  ဆယ်နှစ်ထိ      ထောင် ဒဏ်          တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင်    ငွေဒဏ် လည်း ချမှတ်နိုင်သည်။ မုဒိမ်း ကျင့်ခံရသော အမျိုးသမီးသည် မိမိမယားဖြစ်၍     အသက် ဆယ့်နှစ်နှစ်အောက် မဟုတ် လျှင်မူကား မုဒိမ်းကျင့်သော ထိုလင်ကို  နှစ်နှစ်ထိ  ထောင် ဒဏ်      တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ် လုံးဖြစ်စေ ချမှတ်ရမည်။

 ပုဒ်မ ၄၉၃  -  တရားဝင်ထိမ်းမြားကြောင်းကို ယုံကြည်စေရန်  ယောကျ်ား က            လှည့်ဖြားလိုသော                     သဘောဖြင့်   သွေးဆောင်၍ ကာမစပ်ယှက်ခြင်း။

 ပုဒ်မ ၄၉၈ - ရာဇဝတ်မကင်းသော   အကြံ နှင့်     တရားဝင်   မယားကို ဖြားယောင်းခြင်းဖြင့်  ထွက် သွား  စေခြင်း၊ သို့တည်းမဟုတ် ဆောင်ယူသွားခြင်း၊  သို့တည်း မဟုတ်  တားဆီးခြင်း။

 ပုဒ်မ ၅၀၉ - အမျိုးသမီးတို့ ကာယိန္ဒြေကို   စော်ကားရန်  ရည်ရွယ်သော စကား၊  သို့တည်းမဟုတ်   ကိုယ်အမူအရာ၊      သို့တည်း မဟုတ် ပြုလုပ်မှု။

မိန်းမတို့ ကာယိန္ဒြေကို စော်ကားရန် ရည်ရွယ်သော စကား  သို့တည်းမဟုတ်  ကိုယ်အမူအရာ

သို့တည်းမဟုတ်  ပြုလုပ်မှု။

“မည်သူမဆို၊ မိန်းမတစ်ဦးဦး၏ ကာယိန္ဒြေ ( modesty of a woman) ကိုစော်ကားရန် ကြံရွယ် ၍   ပြောဆိုခြင်းပြုသည်တွင်   သို့တည်းမဟုတ် အသံပြုသည်တွင် သို့တည်းမဟုတ်  ကိုယ်အမူ  အရာကိုပြသသည်တွင် သို့တည်းမဟုတ်  အရာ ဝတ္ထု တစ်ခုခုကို ပြသည်တွင် ပြောဆိုသောစကားကို ဖြစ်စေ  ပြုသောအသံကိုဖြစ်စေ   ထိုမိန်းမအား ကြားစေရန် ကြံရွယ်လျှင် သို့တည်းမဟုတ် ပြုသော ကိုယ်အမူအရာကိုဖြစ်စေ ပြသောအရာဝတ္ထုကို ဖြစ်စေ   ထိုမိန်းမအား   မြင်စေရန်   ကြံရွယ်လျှင် သို့တည်းမဟုတ်    ထိုမိန်းမ၏   ကာယိန္ဒြေကို စော်ကားရန် ကြံရွယ်၍ ထိုမိန်းမ၏ ဆိတ်ကွယ် ရာသို့   ကျူးကျော်လျှင်  မိန်းမတို့ကာယိန္ဒြေကို စော်ကားရန်     ရည်ရွယ်သောစကား(Word) သို့တည်းမဟုတ်    ကိုယ်အမူအရာ (gesture) သို့တည်းမဟုတ် ပြုလုပ်မှု(act) ဖြစ်သည်။”  ဟု (ရာဇသတ်ကြီး၅၀၉)တွင် ပြဋ္ဌာန်းထားပါသည်။

ကလေးသူငယ်ဥပဒေ

ပုဒ်မ ၅၃ တွင် အကျဉ်းထောင် တာဝန်ခံအရာရှိ သည်-

 (က) အမျိုးသမီး    အကျဉ်းသားတစ်ဦး၏ ကလေးသူငယ်အား ပြင်ပ၌  ထိန်းသိမ်း

 စောင့်ရှောက်မည့်သူ   မရှိလျှင်ဖြစ်စေ၊ မိခင်ဖြစ်သူက    ဆန္ဒရှိလျှင်ဖြစ်စေ အသက်     လေးနှစ်ပြည့်သည်အထိ မိခင်နှင့်အတူ     အကျဉ်းထောင်၌ နေထိုင်ခွင့်ပြုရမည်။

 (ခ) မိခင်ဖြစ်သူက ဆန္ဒရှိလျှင် ပုဒ်မခွဲ(က)ပါ    ကလေးသူငယ်အား    အသက် ခြောက်နှစ်ပြည့်သည်အထိ       မိခင် နှင့်အတူ အကျဉ်းထောင်၌  ဆက်လက် နေထိုင်ခွင့်ပြုနိုင်သည်။

 (ဂ) မိခင်နှင့်အတူ အကျဉ်းထောင်၌ နေထိုင် သော ကလေးသူငယ်၏ စားဝတ်နေ ရေးနှင့်  ကျန်းမာရေးတို့ကို တာဝန်ယူရ မည်။

 (ဃ) အမျိုးသမီး         အကျဉ်းသားတစ်ဦး အကျဉ်းထောင်၌ ကွယ်လွန်သည့်အခါ အတူနေ    ကလေးသူငယ်တစ်ဦးဦး ကျန်ရစ်ခဲ့ပါက သို့မဟုတ် အကျဉ်းသား အမျိုးသမီးနှင့်   အတူနေထိုင်သော ကလေးသူငယ် အသက်  ခြောက်နှစ် ပြည့်ပါက     ယင်းကလေးသူငယ်ကို ထိန်းသိမ်း       စောင့်ရှောက်နိုင်ရေး အတွက် စီစဉ်ပေးနိုင်ရန် လူမှုဝန်ထမ်း ဦးစီးဌာန    ညွှန်ကြားရေးမှူးချုပ်ထံ အမြန်ဆုံး   အကြောင်းကြားရမည်ဟု အမျိုးသမီးများနှင့်စပ်လျဉ်း၍ ပြဋ္ဌာန်း သည်။

ဥပဒေဆိုင်ရာအထောက်အကူတောင်းခံခွင့်

ရှိသူများ ဆိုသည်မှာ-

“ဥပဒေဆိုင်ရာ အထောက်အကူတောင်းခံ ခွင့်ရှိသူများ ဆိုသည်မှာ ပြစ်မှုတစ်ခုခုဖြင့် စွပ်စွဲ ခြင်း၊ ထိန်းသိမ်းခြင်း၊ ဖမ်းဆီးခြင်း၊ တရားစွဲဆို ခြင်း၊  ပြစ်ဒဏ်ချမှတ်ခြင်း၊ အကျဉ်းချခြင်းခံရသည့် ဆင်းရဲနွမ်းပါးသူများ၊ ကလေးသူငယ်များ၊ အမျိုး သမီးများ၊ အထူးပြုစုစောင့်ရှောက်မှု လိုအပ်နေသူ များ၊   သက်ကြီးရွယ်အိုများ၊  မသန်စွမ်းသူများ၊ ခုခံအားကျဆင်းမှုရောဂါ    သို့မဟုတ်   အခြား ကူးစက်မြန် ရောဂါခံစားနေရသူများ၊ နိုင်ငံမဲ့များ၊ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများ၊ နိုင်ငံခြားသား များ၊ရွှေ့ပြောင်း နေထိုင်သူများ၊ ရွှေ့ပြောင်းလုပ်သား များ၊   ဒုက္ခသည်များကိုလည်းကောင်း၊   ပြစ်မှု ကျူးလွန်ခံရခြင်းကြောင့်           နစ်နာသူများကို လည်းကောင်း၊ထူးခြားသည့်    အကြောင်းအရာ တစ်ခုခုကြောင့် အကူအညီ တောင်းခံလာသည့် ပြစ်မှုနှင့်ဆိုင်သော သက်သေများကိုလည်းကောင်း ဆိုသည်” ဟု  ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေပုဒ်မ ၂(ခ)တွင် အမျိုးသမီးများနှင့် စပ်လျဉ်း၍ ဖွင့်ဆိုထားသည်။

ဥပဒေအသိပညာ

ဥပဒေအသိပညာ          ပြန့်ပွားရေးအတွက်  အားလုံး ဝိုင်းဝန်းဆောင်ရွက်ကြရမည်။  ယနေ့ ချိန်ခါတွင် ဥပဒေပညာရှင်အမျိုးသမီးများ များစွာ ပေါ်ထွက်လာနေပြီ ဖြစ်သည်။ တရားသူကြီး၊ ဥပဒေ အရာရှိ၊ ရှေ့နေ၊ရဲအရာရှိစသည့် အမျိုးသမီးဝန်ထမ်း များက    ဘဝတူအမျိုးသမီးများ၏     အကျိုးကို  ပိုမိုထမ်းဆောင်နိုင်ကြမည်ဖြစ်ပါသည်။      ဥပဒေ အသိပညာ ပိုမိုဝေငှပေးနိုင်မည်  ဖြစ်ပါသည်။

စေတနာ

အမျိုးသမီးများနှင့် ဥပဒေအသိပညာ ဆက်စပ် ပုံကို ရည်ညွှန်းကိုးကား၍ တွေးခေါ်စဉ်းစားမိသော ကျွန်တော်၏     စေတနာဥပဒေအတွေးမျှသာပါ....။ ။

မြန်မာ့အလင်း