နေပြည်တော် ၁ မတ်
တောင်ဥက္ကလာပမြို့နယ်ရှိ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး (၄)ထပ်အဆောင် တည်ဆောက်ရန် ကျန်ရှိသည့်ငွေအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေတွင် ထည့်သွင်းတောင်းခံပြီး ရရှိပါက ယခုနှစ်အတွင်း ပြီးစီးမည်ဖြစ်ကာ ရန်ပုံငွေမရရှိပါက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းတွင် ထည့်သွင်းတောင်းခံပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။
ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ဒေါက်တာစောနိုင်၏ “တောင်ဥက္ကလာပမြို့နယ်၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး (၄)ထပ် အဆောင်အား ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ မတိုင်မီ အသစ်ဖွင့်လှစ်ပြီး ဆေးကုသရေးလုပ်ငန်းများ စတင်ပေးနိုင်ရန် မည်သို့စီစဉ်ထားသည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက “ယခုဆေးရုံကြီးအတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ငွေကျပ်သန်း ၆၀ဝ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ငွေကျပ်သန်း ၇၀ဝ၊ ၂၀၁၈ ခုနှစ် ၆ လ ဘတ်ဂျက်တွင် ငွေကျပ်သန်း ၇၅၀၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ငွေကျပ်သန်း ၁၀ဝ၀ ချထားပေးပြီး ဆောက်လုပ်ရေးအထူးအဖွဲ့ဖြင့် ဆောက်လုပ်လျက်ရှိပါကြောင်း၊ ဖေဖော်ဝါရီလအထိ ဆောက်လုပ်ရာတွင် ၇၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပါကြောင်း၊ ဆေးရုံကြီး လေးထပ်ဆောင်ကို မူလရည်ရွယ်ထားသည်မှာ ငွေကျပ်သန်း ပေါင်း ၃၆၁၆ ဒသမ ၁၄၂ သန်းဖြစ်ပြီး စုစုပေါင်း ငွေကျပ် သန်း ၃၀၅၀ ပေးထားပြီးဖြစ်ပါကြောင်း၊ ငွေကျပ် ၅၆၆ ဒသမ ၁၄၂ သန်း ကျန်ရှိနေပါကြောင်း၊ ကျန်သည့်ငွေကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဖြည့်စွက်ရန်ပုံငွေတွင် ထည့်သွင်းတောင်းခံသွားမည် ဖြစ်ပါကြောင်း၊ ရရှိပါက ယခုနှစ်အတွင်း ပြီးစီးမည်ဖြစ်ပါကြောင်း၊ ဖြည့်စွက်တွင်မရရှိပါက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းတွင် ထည့်သွင်းတောင်းခံမည်ဖြစ်ပါကြောင်း” ရှင်းလင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။
MDN