လူ့အခွင့်အရေး၊ တန်းတူညီမျှမှု၊ ဒီမိုကရေစီ၊ အမျိုးသမီး အမျိုးသား တန်းတူညီမျှရေး၊ အသားအရောင် မခွဲခြားရေး၊ ကလေးသူငယ်များ အခွင့်အရေး၊ အကြမ်းဖက်ဝါဒဆန့်ကျင်ရေး စသည့် စသည့် စကားတို့သည် ယနေ့ လူ့အဖွဲ့အစည်းအတွက် မရိုးနိုင်အောင် အထပ်ထပ်ကြားနေရသည့် စကားလုံးများဖြစ်၏။
ဘာကြောင့် အထပ်ထပ်ပြောနေကြရသလဲဟုဆိုလျှင် အချို့သော ကမ္ဘာ့အစိတ်အပိုင်းဒေသတို့တွင် လိုအပ်နေသေးသည့်အတွက်ဟု ဆိုရ ပါမည်။ ယဉ်ကျေးသည့် လူမှုဝန်းကျင်ထဲတွင် ဤသည်တို့က အထူးတလည် ပြောဆိုနေရန် မလိုအပ်တော့ပြီဖြစ်သော်လည်း အထူးတလည်ပြောဆိုရန် လိုအပ်နေသေးသည့် ဝန်းကျင်ဒေသများ ရှိနေသေးသရွေ့ တာဝန်သိ လူသားတို့က တာဝန်တစ်ခုအနေဖြင့် ပြောဆို ကြွေးကြော်နေကြဆဲ။
မျိုးသမီးများနေ့၊ အမျိုးသမီးအခွင့်အရေး စသည်တို့ကို အရေးတယူ ပြောဆိုနေကြရသည်မှာ ကမ္ဘာအရပ်ရပ်၌ အမျိုးသမီး အခွင့်အရေး ပြည့်ပြည့်ဝ၀မရသေးသည်ကို ဖော်ပြနေသည်။ ဒီမိုကရေစီ အခွင့်အရေး၊ ဒီမိုကရေစီစနစ် ခိုင်မာတောင့်တင်းရေး၊ ဒီမိုကရေစီအုတ်မြစ် စိုက်ထူနိုင်ရေး စသည်တို့ကို ပြောနေကြရသည်မှာလည်း ဒီမိုကရေစီစနစ် ပြည့်ပြည့်ဝ၀ မထူထောင်နိုင်သေးသောကြောင့်ဟု ဆိုနိုင်သကဲ့သို့ပင်ဖြစ် သည်။ ထိုနည်းတူစွာ လူနည်းစုတို့၏ တန်းတူအခွင့်အရေး၊ မြို့ ပြ ကျေးလက် အညီအမျှ ဖွံ့ဖြိုးတိုးတက်ရေး စသည်တို့ကလည်း နောက်ကွယ် တွင် စိတ်ဝင်စားဖွယ်တို့ ရှိနေသည်။
မြန်မာနိုင်ငံအနေဖြင့်မူ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှု မရှိစေရန်၊ တူညီသောအလုပ်အတွက် အမျိုးသားများနည်းတူ အမျိုးသမီး များသည်လည်း အခွင့်အရေးနှင့် လစာတို့ကို ခံစားခွင့်ရှိရန်၊ နိုင်ငံတော် သည် အလုပ်အကိုင်ခန့်ထားရာတွင်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်း ရွေးချယ်တာဝန် ပေးရာတွင်ဖြစ်စေ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံပါက အမျိုးသား၊ အမျိုးသမီးကို အကြောင်းပြုလျက် ခွဲခြားမှုမပြုရန် စသည်ဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အမျိုးသမီးများအတွက် အတိအလင်းပြဋ္ဌာန်းထား ပြီးဖြစ်သကဲ့သို့ တစ်ဖက်တွင် အမျိုးသမီးအခွင့်အရေးနှင့်ပတ်သက်၍ ဖြည့်ဆည်းမှုများ ပြုနေရဆဲဖြစ်သည်ကိုလည်း သတိပြုမိပါသည်။
ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ စတင်တက်ရောက် လျှောက်လှမ်းစ ကာလဖြစ်သည့်အတွက် တန်းတူညီမျှမှုရှိရေးအတွက် ကြိုးပမ်းရုန်းကန် ရခြင်းများလည်း ရှိမည်ဖြစ်ပါသည်။ ထို့အတူ အချို့သော အမျိုးသမီး အခွင့်အရေးတို့အတွက်လည်း တောင်းဆိုနေရမည်မဟုတ်ဘဲ ထိုက်ထိုက် တန်တန် ကြိုးပမ်းအားထုတ် ရယူနိုင်ကြသည်ကို သတိမူကြဖို့ပင် ဖြစ်သည်။
လူ့လောက လူ့တာဝန်ထမ်းရွက်ကြရာတွင် အမျိုးသား အမျိုးသမီး ခွဲခြားစရာမလို၊ လူမျိုးဘာသာ ခွဲခြားစရာမလို၊ အသားအရောင် ခွဲခြားစရာ မလိုဟူသည့် အခြေခံမူဝါဒကို အခြေပြုတွေးဆရင်း တန်းတူညီမျှမှုကို ကြိုးစားတည်ဆောက်ကြရန် လိုအပ်သည်ဟု ယုံကြည်သည့်အတိုင်း တင်ပြလိုက်ရပါသည်။ ။
မြန်မာ့အလင်း