နေပြည်တော် ဖေဖော်ဝါရီ ၇
အမျိုးသမီးတစ်ဦးကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်နှစ် (၂၀) ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။
ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့၊ ဒိုးသောင်ကျေးရွာနေ မ------ ၂၅/၂၀၂၅ နှစ် သည် မိုင်းပေါက်မြို့ရှိ KTV တွင် Sexy Live အလုပ်အား (၃)လ စာချုပ်ဖြင့် လုပ်ကိုင်နေရာမှ မလုပ်ချင်ကြောင်း ပြောရာ တရုတ်သူဌေးက တရုတ်ယွမ် ၁၂၀၀၀ ပေးလျော်ရမည်၊ လျော်ကြေးကို တရုတ်ယောကျာ်းယူ၍ ရမည့် ငွေဖြင့် ပေးချေရန် ပြောဆိုစည်းရုံးခဲ့ပြီး ၎င်းအား တရုတ်ယောကျာ်းထံ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြသည့် ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်နေ ဇင်နွေးအေး၊ မူဆယ်မြို့၊ ကောင်းမှု တုံရပ်ကွက်နေ နေသူနိုင်၊ မာမာအောင် နှင့် အေလောဝ်(ခ) အငယ်ကောင် တို့အား မူဆယ်မြို့မရဲစခန်း(ပ)၂၃၈/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၈(က)/ ၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ရာ မူဆယ်ခရိုင်တရားရုံးမှ ယမန်နေ့က တရားခံ ဇင်နွေးအေး၊ နေသူနိုင်၊ မာမာအောင် နှင့် အေလာဝ်(ခ) အငယ်ကောင်တို့ (၄)ဦးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ-၃၈(က)အရ အလုပ်နှင့် ထောင်ဒဏ် နှစ်(၂၀)စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)