နေပြည်တော် ၂၂ ဇန်နဝါရီ
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် အမ်း-စစ်တွေကားလမ်း၌ ဇန်နဝါရီ ၂၀ ရက်က AA အဖွဲ့က မော်တော်ယာဉ် တစ်စီးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၀ ရက် နံနက် ၉ နာရီခန့်က အမ်း-စစ်တွေကားလမ်း မိုင်တိုင်(၁၈/၄) တွင် မော်တော်ယာဉ်(၁)စီး မီးလောင်နေကြောင်း သတင်းအရ အမ်းမြို့မရဲစခန်းမှူးနှင့်အဖွဲ့က သွားရောက်စစ်ဆေးရာ ဟွန်ဒိုင်းမှန်လုံယာဉ်တစ်စီးအား နံနက် ၂ နာရီခွဲခန့်တွင် AA အဖွဲ့က မီးရှို့ခဲ့ကြောင်း သိရှိရသဖြင့် အမ်းမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း။
ဇန်နဝါရီ ၂၁ ရက် ည ၆ နာရီခွဲတွင် အမ်းမြို့နယ်၊ တပ်နယ်ဆေးရုံ၌ ယာဉ်မောင်းဖြစ်သူ မှော်ဘီမြို့နေ ဝေပိုင်မိုး (၂၃)နှစ်သည် ဝဲ/ယာခြေထောက်၊ ယာလက်ကောက်ဝတ် မီးလောင်ဒဏ်ရာများရရှိကာ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရသဖြင့် သွားရောက်မေးမြန်းခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးချက်အရ AA အဖွဲ့က မီးရှို့ခဲ့သည့် မော်တော်ယာဉ်မှာ ရန်ကုန်-စစ်တွေ ပြေးဆွဲသည့် ရွှေကံ့ကော်ခရီးသည်တင်ယာဉ်လိုင်းမှ ဟွန်ဒိုင်းမှန်လုံယာဉ်ဖြစ်ပြီး ဇန်နဝါရီ ၁၆ ရက် ညနေ ၆ နာရီခွဲတွင် ရန်ကုန်မြို့၊ အောင်မင်္ဂလာကားဝင်းမှ ကုန်ပစ္စည်းမျိုးစုံ တင်ဆောင်ကာ ယာဉ်နောက်လိုက်တစ်ဉီးနှင့်အတူ အမ်းမြို့တွင် ညအိပ်ခဲ့ကြောင်း၊ ဇန်နဝါရီ ၁၉ ရက် ညနေ ၄ နာရီခန့်တွင် ယာဉ်နောက်လိုက်အား အမ်းမြို့တွင်ထားရှိပြီး ၎င်းတစ်ဦးတည်း အဆိုပါယာဉ်ကို မောင်းနှင်လာခဲ့ရာ ည ၁၁ နာရီခန့်တွင် အမ်း-စစ်တွေကားလမ်း မိုင်တိုင်(၁၈/၄) ရှောက်ခြုံတောင်အနီးတွင် အင်ဂျင်ဝိုင်များယိုစိမ့်ပြီး မောင်းနှင်မရတော့၍ လမ်းဘေးတွင် ကားရပ်အိပ်ခဲ့ကြောင်း။
ဇန်နဝါရီ ၂၀ ရက် နံနက် ၂ နာရီတွင် AA အဖွဲ့ရောက်ရှိလာပြီး ယာဉ်မောင်းအပါအဝင် ဟွန်ဒိုင်းမှန်လုံယာဉ်အား မီးရှို့ခဲ့ကြောင်း၊ ယာဉ်မောင်း ဝေပိုင်မိုးက ၁၅ မိနစ်ခန့်အကြာ ကားတံခါးအား တွန်းဖွင့်ပြီး ခုန်ချထွက်ပြေးခဲ့ရာ AA က သေနတ်ဖြင့် ပစ်ခတ်ခဲ့သော်လည်း ထိမှန်ခြင်းမရှိကြောင်းနှင့် ယာဉ်ပေါ်ပါ ကုန်ပစ္စည်းမျိုးစုံ ငွေကျပ် သိန်း ၂၅၀ ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရှိရကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
သတင်းစဉ်