အမ်း ဇူလိုင် ၂၆
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက် ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်း ဖုံး၊ သွန်၊ လဲ၊ စစ် အဘိတ်ဆေးခတ်ခြင်းကို ဇူလိုင် ၂၆ ရက် နံနက်ပိုင်းက လေယာဉ်ကွင်းရပ်ကွက် (ကွက်သစ်)အပိုင်းနှင့် ဈေးရပ်ကွက် (ရဲစခန်းအပိုင်း)တို့တွင် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ရဲ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တတ်ဖွဲ့ဝင်များ၊ ကြက်ခြေ နီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် အိမ်များရှိ ပိုးလောက်လန်း ပေါက်ပွားစေနိုင်သော ရေလှောင်ကန်များ၊ ဘုရားညောင်ရေအိုး၊ တာယာအဟောင်း စသည့် နေရာများတွင် သွေးလွန်တုပ်ကွေး ဖြစ်စေနိုင်သည့် ခြင်များ ပေါက်ဖွားမှုမရှိစေရန် ကြည့်ရှုစစ်ဆေးပြီး ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
စိုးမင်းထွန်း(ပြန်/ဆက်)