နေပြည်တော်၊ အောက်တိုဘာ ၁၁
ယနေ့နံနက် ၄ နာရီခွဲခန့်က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၂၃၄/၅) နှင့် (၂၃၄/၆) ကြားတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားပြီး ယာဉ်ပေါ်ပါငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်ရာနေရာသို့ ဘုရားတောင် အမြန်လမ်းနယ်မြေ မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၂၅ ဦးအနက် အမျိုးသားလေးဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)၊ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) တို့အား ဘုရားတောင် အမြန်လမ်းမကြီးရဲစခန်းပိုင် လူနာတင်ယာဉ်ဖြင့် နေပြည်တော် ခုတင် (၁၀၀၀) ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Myanmar Digital News (MDN)
Photo Credit . MFSD


