mdn

နေပြည်တော် ၁၀ မေ

 

သဗ္ဗပါပဿ အကရဏံ၊

ကုသလဿ ဥပသမ္ပဒါ၊

သစိတ္တ ပရိယောဒါပနံ၊

ဧတံဗုဒ္ဓါန သာသနံ။ ဟူ၍ မြတ်စွာဘုရားက ဟောကြားတော်မူ ခဲ့သည်။ မကောင်းမှုဟူသမျှကို မပြုလုပ်ဘဲ ရှောင်ရှားကြရန်၊ ကောင်းမှု ဟူသမျှကို ပြုလုပ်ကြရန်၊ မိမိတို့၏ စိတ်နှလုံးကို ဖြူစင်အောင် ထားရှိကြရန် ဆုံးမတော်မူခဲ့ခြင်းဖြစ်သည်။ ဤသည် မှာပင် ဗုဒ္ဓမြတ်စွာ သာသနာ၏ အနှစ်သာရဖြစ်ပြီး ဗုဒ္ဓဘာသာဝင် တို့အတွက် ဘဝလမ်းညွှန်ချက်လည်းဖြစ်သည်။ “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား” ဟူ၍လည်း လိုရင်းတိုရှင်း မှတ်သား နာယူကြသည်။

 

မကောင်းမှုဟူသည် မိမိအပေါ် သူတစ်ပါးက ပြုမူလာပါက မနှစ်သက် မလိုလားသည့် ကိုယ်၊ နှုတ်၊ စိတ်အမူအရာ အပြုအမူ များပင်ဖြစ်သည်။ အခြေခံအားဖြင့် ငါးပါးသီလဖြစ်ပြီး နေ့စဉ်စောင့်ထိန်းခြင်းအားဖြင့် မကောင်းမှုကို ရှောင်ကြဉ်ကြသည်။ လူကောင်းတစ်ယောက်ဖြစ်စေရန်အတွက် အကုသလ ကမ္မပထ (၁၀)ပါးဖြစ်သည့် သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ သူတစ်ပါးသားမယားလွန်ကျူးခြင်း ဆိုသော ကာယဒုစရိုက် (၃) ပါး၊ မဟုတ်မမှန်စကားကို ပြောဆိုခြင်း၊ ကုန်းတိုက်စကား ပြောကြားခြင်း၊ ကြမ်းကြုတ်သည့် စကားပြောကြားခြင်း၊ သိမ်ဖျင်း ပေါ့ပျက်သည့် စကားကို ပြောကြားခြင်းဆိုသော ဝစီဒုစရိုက် (၄)ပါးနှင့် သူတစ်ပါးဥစ္စာကို ကိုယ့်ဥစ္စာဟု အလိုကြီးခြင်း၊ ရန်ငြိုးထား မာန်စောင်ကာ ဗြူစူစောင်းမြောင်းခြင်းနှင့် အယူမှားခြင်း ဆိုသည့် မနော ဒုစရိုက် (၃)ပါးတို့ကို ရှောင်ကြဉ်ကြရသည်။

 

လူ့ဘဝကို ရရှိလာခြင်း၊ လူဖြစ်လာခြင်းတွင် မိမိ၏ ကိုယ်ကျိုး စီးပွားတစ်ခုတည်းကိုသာ ဦးတည်ခြင်း၊ ငဲ့ကွက်ခြင်းတို့ဖြင့် အတ္တ အကျိုးသက်သက်ကိုသာ ဆောင်ရွက်ရန် မည်သည့်ပညာရှိတို့ကမျှ လမ်းညွှန်မပြခဲ့။ မိမိရှင်သန်ရာ လူ့အဖွဲ့အစည်းနှင့်တကွ သတ္တလောက တစ်ခုလုံး၏ အကျိုးစီးပွားကို မိမိစွမ်းနိုင်သမျှ အကျိုးပြု ကြရန်ကိုသာ လမ်းညွှန်ခဲ့ကြသည်။ လူဖြစ်လာခိုက်တွင် ဘဝကို တန်ဖိုးရှိစွာ နေထိုင်ခြင်း၊ အများအကျိုး ဆောင်ရွက်ခြင်းတို့ဖြင့် မိမိ ကိုယ်ကိုယ် မြှင့်တင်နိုင်ကြရမည်ဖြစ်သည်။ ဗဟုဇန ဟိတာယ အများအကျိုး ဆောင်ရွက်ရေး၊ ဗန သုခါယ- အများချမ်းသာအောင် ဆောင်ရွက်ရေးတို့ကို ဗုဒ္ဓမြတ်စွာဘုရားက ညွှန်ပြတော်မူ ခဲ့သည်။ အများအကျိုးကိုဆောင်ရွက်ခြင်းနှင့် အများချမ်းသာအောင် ဆောင်ရွက်ခြင်းတို့သည် မြင့်မြတ်သူတို့၏အကျင့်ဖြစ်သောပါရမီကို ဖြည့်ဆည်းခြင်းလည်းဖြစ်သည်။

 

ယခု အခါ ကမ္ဘာတစ်ခုလုံး၊ လူ့လောကတစ်ခုလုံးမှာ ရောဂန္တရကပ်နှင့် ရင်ဆိုင်နေကြရသည်။ ကပ်ရောဂါဘေးနှင့်အတူ စိုးရိမ် ထိတ်လန့်မှု၊ စိတ်ပျက်အားငယ်မှုတို့ကို ခံစားကြရသူများ၊ ရောဂါ၏ ဖိစီးနှိပ်စက်မှုကို ခံစားကြရသူများ၊ လူမှုဘဝလိုအပ်ချက်များနှင့်အတူ ဆာလောင်မွတ်သိပ်မှုကို ခံစားကြရသူများ စသည်ဖြင့် မိမိ တို့၏ရှေ့မှောက်တွင် တွေ့မြင်လာကြရသည့်အခါ အများအကျိုးကိုဆောင်ရွက်ရန် လိုလားသူ၊ အများ၏ ချမ်းသာကို ဆောင်ကြဉ်းပေး ရန် လိုလားသူ၊ မွန်မြတ်သော စိတ်ထားရှိသူတို့၏ နှလုံးသားတို့တွင် မေတ္တာနှင့်ကရုဏာတို့က ရာသီသင့်ချိန်တွင်ပွင့်သည့်ပန်းတို့သဖွယ် ပွင့်လန်းလာသည်။ သူတို့၏ မေတ္တာနှင့် သူတို့၏ ကရုဏာတို့မှ စေ့ဆော်မှုဖြင့်ပင် ရောဂါဖိစီးနှိပ်စက်မှုကို ခံစားကြရသူများမှာရောဂါဝေဒနာမှ သက်သာရာရကြသည်။ စိုးရိမ်ပူပန်ကြရသူ၊ စိတ်ပျက်အားငယ်ကြရသူများမှာ စိတ်ဓာတ်ခွန်အားတို့ရရှိပြီး လူမှုဘဝလိုအပ်ချက်များ ပြည့်စုံကြရသလို ဆာလောင်မွတ်သိပ် သူများမှာလည်း အစားအစာတို့ ပြည့်စုံဝမ်းမြောက်ကြရသည်။

 

အများအကျိုးအတွက် ပေးဆပ်ဆောင်ရွက်ကြသည့်အခါတွင် မိမိကိုယ်ကျိုးအတွက် တစ်ဆိတ်စာမျှပင် မျှော်လင့်ခြင်း မရှိဘဲ အမွန်မြတ်ဆုံးသော စိတ်စေတနာဖြင့် ဆောင်ရွက်ပေးကြသူများမှာ ထိုစိတ်စေတနာကပင် အကောင်း ဆုံး အကျိုး ပေးသည့် ကမ္မနိယာမရှိနေရာ မိမိတို့ပြုသမျှ အဟောသိကံဟူ၍ မရှိဘဲ မြင့်မြတ်သည့် ကုသိုလ်အကျိုးထူးကို ရရှိကြမည်ဟု ဝမ်းမြောက်ဝမ်းသာ အနုမောဒနာ ပြုလိုပါကြောင်း။

 

မြန်မာ့အလင်း