၁၃ စက်တင်ဘာ
အကြောင်းကိစ္စတစ်ရပ်အား မှန်ကန်စွာဆောင်ရွက်နေသည်ဟု မည်သို့ပင်ဆိုပါသော်လည်း အသိအမှတ်မပြု လက်မခံပါက စိတ်ပျက်အား ငယ်ဖွယ်ရာမရှိချေ။ မည်သည့်ကိစ္စကိုမဆို ဖုံးကွယ်ထား၍မရနိုင်ဘဲအချိန်တန်လျှင် အများသူငါတို့ သိလာ၊ ကြားလာကြရုံသာမက သက်သေ အထောက်အထားဖြင့်လည်း လက်တွေ့ကျကျ သိမြင်ချိန်၌ အမှန်တရားသည်လယ်ပြင်မှာဆင်သွားသလို အထင်အရှားပေါ်လွင်လာမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်အရေးကိစ္စများနှင့်စပ်လျဉ်း၍ အတိတ်၊ ပစ္စုပ္ပန်အခြေအနေများမှာ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတွင်ပါ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်ခဲ့ပြီးဖြစ်၍ အထွေအထူးရှင်းပြရန် လိုမည်မထင်ပါ။ သို့သော် ရခိုင်ပြည်နယ်အရေးနှင့်စပ်လျဉ်း၍ မမှန်မကန်စွပ်စွဲပြောဆိုမှုများ၊ မမှန်မကန်လုပ်ဆောင်မှုများ၊ ကြံစည်မှုများ ယနေ့ထက်တိုင်ရှိနေဆဲဖြစ်၍ ရှင်းရ၊ လင်းရ ပြောဆိုနေရခြင်း ဖြစ်ပါသည်။
ရခိုင်ပြည်နယ်အရေးကိစ္စသည် ဘာသာရေး၊ လူမျိုးရေးကိစ္စလည်း မဟုတ်၊ လူ့အသိုက်အဝန်းတစ်ခုအပေါ်တွင် အနိုင်ကျင့်ဗိုလ်ကျခြင်းလည်း မဟုတ်ချေ။ သမိုင်းကြောင်းနှင့်ချီသော ရွှေ့ပြောင်းသွားလာမှု၊ ကိုလိုနီခေတ်က တရားမဝင် ဝင်ရောက်လာမှုများနှင့် နောက်ပိုင်းကာလဖြစ်စဉ်များ၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလနှင့်၂၀၁၇ ခုနှစ် ဩဂုတ်လတို့တွင်ဗျွှဗ အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့်ပြဿနာများဖြစ်ပြီး ယင်းတို့မှာမျက်ကွယ်ပြု၍မရသော အချက်များဖြစ်သည်။
မြန်မာအစိုးရအနေဖြင့် မည်သို့ပင်ပြဿနာများရှိသော်လည်း ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းအားလုံးအတွက် တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးနေသည်။
နေရပ်စွန့်ခွာသွား သူများနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် အမှန်တကယ်နေထိုင်ကြောင်း စိစစ်အတည်ပြုနိုင်သူအားလုံးကို နှစ်နိုင်ငံ သဘောတူညီချက်နှင့်အညီပြန်လည်လက်ခံရန် အသင့်ရှိသလို အမြဲကြိုဆိုတံခါးဖွင့်ဆောင်ရွက်ပေး လျက်ရှိသည်။
နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးနှင့် နေရာချထားရေး ကိစ္စများကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှစတင်ကာ အကြိမ်ကြိမ် ဆောင်ရွက်ပေးခဲ့သော်လည်း ယနေ့ထက်တိုင်အရာမထင်ခဲ့ချေ။ ယခု ဩဂုတ်လ ၂၂ ရက်နေ့တွင် စီစဉ်ပြန်သော်လည်း မအောင်မြင်။ မည်သည့်လူမျိုး၊ ဘာသာဝင်ဖြစ်စေ မြန်မာနိုင်ငံသို့ အချိန်မရွေးပြန်လိုပါက ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့် ဟန့်တားမည်မဟုတ်ဟူသော ရပ်တည်ချက်ကို အသိအမှတ်ပြုသော်လည်း လက်တွေ့တွင် ARSA အကြမ်းဖက်သမားများကြောင့်သော်လည်းကောင်း၊ အခြားအကြောင်းကြောင်းကြောင့် သော်လည်းကောင်း ပြန်မလာသည်မှာ အံ့ဩစရာဖြစ်မည်မထင်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စက်တင်ဘာလ ၁၀ ရက်နေ့က အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံ သံရုံးအကြီးအကဲများနှင့် သံတမန်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့မှကိုယ်စားလှယ်များရှေ့မှောက်တွင် တစ်ဖက်နိုင်ငံမှ မိမိအစီအစဉ်ဖြင့်ပြန်လည်ဝင်ရောက်လာကြသည့် မွတ်စလင်မိသားစုဝင်များနှင့် ဟိန္ဒူ မိသားစုဝင်များက ၄င်းတို့ကြုံတွေ့ခဲ့ရသော အခြေအနေများနှင့် လက်ရှိနေထိုင်ရပ်တည်နေမှု အခြေအနေများကို အမှန်အတိုင်းထုတ်ဖော်ပြောကြားခဲ့သည်။ တစ်ဖက်နိုင်ငံတွင် ၄င်းတို့၏ဆန္ဒနှင့်အညီ ပြန်လာလိုသူများစွာရှိသည်။ မြန်မာနိုင်ငံမှလည်း စနစ်တကျ လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။ ဤသည်မှာ ပကတိအမှန်တရားဖြစ်သည်။ မည်သူတရားပျက်ပျက်ကိုယ်မပျက်ဘဲ ဆောင်ရွက်မှုများမှာ ကျေနပ်စရာဖြစ်သည်။
သို့ဖြစ်ရာ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော သမိုင်းကြောင်းနောက်ခံများနှင့် မျက်မှောက်ကာလဖြစ်စဉ်များသည် ဖုံးကွယ်ထားခြင်းမရှိသော ပကတိအမှန်တရားများဖြစ်ပြီး ယခုအခါ ယင်းတို့ကို များထိုလူတို့ သိလာ၊ ကြားလာ၊ လက်တွေ့ကျကျမြင်တွေ့လာကြပြီဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့်ထိုမှန်ကန်သောလမ်းကြောင်းပေါ်တွင်သာ ဆက်လက်လျှောက်လှမ်း သွားမည် ဖြစ်ပါကြောင်း။
ကြေးမုံ